ရွေးကောက်ပွဲ အကြမ်းဖက်မှုအန္တရာယ်များ မြန်မာပြည်မှာရှိနေ

July 12, 2015

အရပ်ဘက်အဖွဲ့များ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ပညာပေး

ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတချို့ ကွင်းဆင်းလုပ်ဆောင်နေပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ် ဖြစ်ပေါ်ဖို့အတွက် ရည်ရွယ်ပြီး ဧရာဝတီလူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ဧရာဝတီလူငယ်ကွန်ရက်တို့က ဇလွန်မြို့နယ်အတွင်းရှိ သွားလာရခက်ခဲတဲ့ ကော့ကပ်ကလေးကျေးရွာအုပ်စု အိုင်ဆည်ကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်က ဒေသခံတွေကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းတခု သွားရောက်ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ် ၂ဝ လောက် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပါတယ်။ သွားလာရေး ခက်ခဲတဲ့ နေရာဒေသတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းတဲ့ နေရာဒေသတွေကို အခြေခံရွေးချယ်ပြီး တမြို့နယ် ကျေးရွာ ၃ ရွာမှ ၅ ရွာအထိ ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း လိုက်လံလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ရာမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတတွေ၊ ဆန္ဒမဲပေး ရွေးချယ်ရတဲ့ အဓိပ္ပာယ်၊ မဲပေးပုံ စနစ်တကျရှိစေရေး စတာတွေကို အသိပညာပေး ဆွေးနွေးပို့ချခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီလူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (ASDO)၊ ဧရာဝတီလူငယ်ကွန်ရက် (AYN)၊ အစိမ်းရောင်တောင်သူသင်တန်းကျောင်း (GPI) နဲ့ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (I pece) တို့က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး ကျုံပျော်၊ လေးမျက်နှာ၊ သာပေါင်းတို့တွင် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ပြည့်ဖြိုး စီဂျေ  
6 years Ago

July 3, 2015

ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၁၁၇၁ နေရာကော်မရှင်ကြေညာ

ဝနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအ၀င်  နိုင်ငံတ၀န်း ရွေးကောက်ပွဲတွေကျင်းပမယ့်  မဲဆန္ဒနယ်မြေပေါင်း ၁၁၇၁ နေရာကို   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာလိုက်ပါတယ်။ ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၁ ရက်နေ့စွဲနဲ့ သတ်မှတ် ထုတ်ပြန်ကြေညာလိုက်တာပါ။ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့  ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း ၁၁၇၁ နယ်မြေဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေတွေ သတ်မှတ်ချက် အသေးစိတ်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ၀က်ဘ်ဆိုက် http://uecmyanmar.org/   မှာ  ကြည့်ရှုနိုင်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းလောက်မှာ ကျင်းပမယ့်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောကြားထားပေမယ့်  ရွေးကောက်ပွဲကျင်းပမယ့်နေ့ အတိအကျကို ခုချိန်ထိ ကြေညာခြင်း မရှိသေးပါဘူး။ လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ပေါင်းက ၈၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
6 years Ago
More News
Up