ရွေးကောက်ပွဲရလဒ်

A d v e r t i s e m e n t With Us

July 21, 2017

ရွေးကောက်ပွဲရလဒ် ကန့်ကွက်သည့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ ရှုံးနိမ့်

ပြီးခဲ့တဲ့  ဧပြီ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းက အနိုင်ရတဲ့ အန်အယ်လ်ဒီပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ကြံ့ခိုင်ရေးပါတီကိုယ်စား လှယ်လောင်းတွေက ကန့်ကွက်ရာမှာ  ရှုံးနိမ့်သွားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေက  အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ် ၃ ဦးကို  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဧပြီတုန်းက ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အမှုတွေကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်က အနိုင်ရတဲ့ အန်အယ်လ်ဒီအမတ် ဦးနေကျော်ကို ပြည်ခိုင်ဖြိုးပါတီက ဦးနေလင်းက ကန့်ကွက်လွှာတင်သွင်းထားတဲ့အမှု၊ လှိုင်သာယာမှာအနိုင်ရတဲ့ ဦးဝင်းမင်းကို ဦးတင်ယုက ကန့်ကွက်တဲ့အမှုနဲ့ ကော့မှူးမဲဆန္ဒနယ်က အနိုင်ရတဲ့ ဦးကျော်ဆွေဝင်းကို ဦးကျော်ဇင်ဟိန်းက ကန့်ကွက်တဲ့အမှုတွေကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီကန့်ကွက်မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ခုံအဖွဲ့က စစ်ဆေးပြီး ဒီကနေ့ ပယ်ချကြောင်း ဆုံးဖြတ်လိုက်တာလို့ ကော်မရှင် ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။ “ဥပဒေအရ ငြင်းချက်ကို ပယ်လိုက်တဲ့ သဘောပါပဲ။ ရန်ကုန် ၃မှုပေါ့။ အန်အယ်လ်ဒီ ကို ပြည်ခိုင်ဖြိုးက လျှောက်ထားတဲ့ အချက်ပေါ့။ သူတို့ ၃ မှုကလည်း သဘောသဘာဝက ဆင်တူနေတာလေ။ အကြောင်းအရာလည်း တူနေတဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆုံးဖြတ်ပေးလိုက်တာပေါ့။” ဧပြီလ ကြားဖြတ်ရွေးကောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်လွှာ တင်သွင်းမှု ၆ မှု ရှိပြီး ၅ မှုမှာ ပြည်ခိုင်ဖြိုးပါတီက အန်အယ်လ်ဒီပါတီကို ကန့်ကွက်လွှာတင်သွင်းတာဖြစ်ပါတယ်။ ကျန်တဲ့ ၁ မှုကတော့ အပြန်အလှန်ကန့်ကွက်ကြတာဖြစ်ပြီး အဲဒီအမှုကိုတော့ လာမယ့် လဆန်းမှာ တောင်ကြီးမြို့ကို သွားရောက်ပြီး ရုံးထိုင်စစ်ဆေးမယ်လို့လည်း ဦးစိုင်းကျော်သူက ပြောပါတယ်။ “အပြန်အလှန် ကန့်ကွက်တာ အမှု နံပါတ် ၄ တခုပဲရှိတယ်။ ၅ နဲ့ ၆ ကလည်း ပြည်ခိုင်ဖြိုးက အန်အယ်လ်ဒီကို ကန့်ကွက်တာချည်းပဲ။ ၄ က ကျနော်တို့လာမယ့် လဆန်းမှာ ကျနော်တို့ တောင်ကြီးမှာ သွားပြီးတော့ ရုံးထိုင်စစ်ဆေးမှာပါ။ ၄ နဲ့ ၅ ကိုလေ။ ကျိုင်းတုံနဲ့ ညောင်ရွှေ အမှု ကိစ္စ နှစ်ခုကို နည်းဥပဒေ ၉၅ အရ  သက်ဆိုင်ရာ သက်သေတွေ ဘာတွေလာဖို့ လွယ်ကူအောင်၊ အမှုမြန်အောင်  တောင်ကြီးမှာ ၄ နဲ့ ၅ ကို ဒီလဆန်းမှာ သွားစစ်မှာပါ။” နောက်ဆုံးအမှုဖြစ်တဲ့ မုံရွာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမှုနဲ့ပတ်သက်ပြီးတော့ လည်း လာမယ့် ၄ ရက်နေ့ကျမှ လျှောက်ထားသူကို စတင်စစ်ဆေးဖို့ရှိနေပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ယောက် ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကယားပြည်နယ်က ၁ နေရာစီ အနိုင်ရခဲ့တာပါ။ ဓာတ်ပုံ-UEC
4 years Ago

November 20, 2015

လက်ကျန် ရွေးကောက်ပွဲရလဒ်များ အပြီးသတ်ထုတ်ပြန်၊ တစညပါတီ ၁ နေရာ အနိုင်ရ

ကြေညာဖို့ကျန်ရှိနေတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်အရှုံး မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၀ ဒီကနေ့ ရက်စွဲနဲ့ အပြီးသတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ထိ မဲရလဒ် ၉၉ ရာခိုင်နှုန်းကို ကြေညာခဲ့ပြီး ကျန်ရှိနေတဲ့  ကချင်ပြည်နယ် နောင်မွန်းမြို့နယ်နဲ့ ခေါင်လံဖူးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို နောက်ဆုံးကြေညာလိုက်တာပါ။ ပြည်သူ့လွှတ်တော် ၁။ ကချင်ပြည်နယ်၊ နောင်မွန်း ဦးဂျီဖုန်ဆားရ် (ပြည်ခိုင်ဖြိုးပါတီ) ၂။ကချင်ပြည်နယ်၊ ခေါင်လန်ဖူး ဦးအာမိုးဆီ(လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ-ဒူးလေးပါတီ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁။ ကချင်ပြည်နယ် အမှတ် (၁) ဦးဂျေယောဝူ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁။ ကချင်ပြည်နယ် နောင်မွန်း (၁) ဦးချန်တန်ခင် (ပြည်ခိုင်ဖြိုးပါတီ) ၂။ ကချင်ပြည်နယ် နောင်မွန်း (၂) ဦးမဘူဒဂုဏ် (ပြည်ခိုင်ဖြိုးပါတီ) ၃။ ကချင်ပြည်နယ် ခေါင်လန်ဖူး (၁) ဦးရွှေလေး (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ-ဒူးလေးပါတီ) ၄။ ကချင်ပြည်နယ် ခေါင်လန်ဖူး (၂) ဦးအားခီဆာ (အန်အယ်လ်ဒီ) တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၅။ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးခင်မောင်မြင့်(ခ)ဦးဒိတ် (အန်အယ်လ်ဒီ) ၆။ ကချင်ပြည်နယ် လီဆူတိုင်းရင်းသား ဦးအားတီယောဟန် (အန်အယ်လ်ဒီ) ၇။ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်  ဦးစိုင်းစိန်လင်း (အန်အယ်လ်ဒီ) ၈။ ကချင်ပြည်နယ် ရ၀မ်တိုင်းရင်းသားကိုယ်စားလှယ် ဦးရန်နမ်းဖုန် (အန်အယ်လ်ဒီ)
5 years Ago
More News
Up