ရွေးချယ်ပေးနိုင်ခြင်း မရှိ

November 12, 2016

အမျိုးသားစာပေဆုတွင် ဝတ္ထုရှည် ဆု ရွေးချယ်ပေးနိုင်ခြင်း မရှိ

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာလိုက်ရာမှာ ဘာသာရပ် ၁၆မျိုး ဆုပေးတဲ့ထဲ ဝတ္ထုရှည် ဆု အပါအ၀င် ဆု ၅မျိုး ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိပါဘူး။ ဝတ္ထုရှည်၊ ပြဇာတ်၊ လူငယ်စာပေ၊ ဘာသာပြန်(ရသ)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) စတဲ့ စာပေတွေမှာ ရွေးချယ် ဆုပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ တချိန်က မြန်မာစာပေလောကမှာ အမြောက်အမြားရေးသားထုတ်ဝေနိုင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ လုံးချင်းဝတ္ထုရှည်နဲ့ ဘာသာပြန်ဝတ္ထုစာအုပ်တွေဟာ အခုအချိန်မှာ တိမ်ကောပပျောက်သလို ဖြစ်နေပြီလား။ မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်ကတော့ လုံးချင်းဝတ္ထုစာအုပ်တွေကို စွန့်စားပြီး ထုတ်ဝေးသူ မရှိတော့သလို့ အချိန်ယူပြီး ရေးမယ့်သူလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ “လုံးချင်းဝတ္ထုကို စွန့်ပြီး ထုတ်ဝေမယ့်သူလည်း မရှိဘူး၊ မရှိတဲ့ အခါကျတော့ အချိန်ပေးပြီး စွန့်ပြီး ရေးနိုင်တဲ့ စာရေးဆရာလည်း မရှိတော့ဘဲနဲ့ လုံးချင်းဝတုက သိမ်ပြီးတော့ လျော့သွားတာပေါ့၊မစွန့်ရဲရတဲ့အကြောင်းကလည်း တချိန်က စာပေစိစစ်ရေး ဒုက္ခပေးမှုရော နောက်တခါ လူတွေက စီးပွားရေး ကျပ်တည်းတဲ့အခါမှာ အချိန်ပေးပြီး မဖတ်နိုင်တာ ငွေပေးပြီး မဖတ်နိုင်တာ အဲ့ဒီ နှစ်ချက်လည်း ပါမှာပေါ့၊ လုံးချင်းဝတ္ထုရှည်တွေက အခု တိမ်ကောလာတဲ့ သဘော ရှိပါတယ်။” စွန့်စားပြီး ထုတ်ဝေရဲတဲ့သူတွေ ထွက်ပေါ်လာရင်တော့ လုံးချင်းဝတ္ထုနဲ့ ဘာသာပြန်စာအုပ်တွေ ပြန်လည် ထွက်ပေါ်လာနိုင်စရာ အကြောင်းရှိတယ်လို့လည်း ပြောပါတယ်။ အမျိုးသားစာပေဆုရရှိကြတဲ့ စာရေးဆရာတွေကို ဒီလ ၃၀ ရက်မှာ ဆုချီးမြှင့်ပေးအပ်မှာဖြစ်ပြီး တဦးလျင် ဆုငွေ ကျပ် ၁၅သိန်း ရရှိကြမှာ ဖြစ်ပါတယ်။
6 years Ago
Up