ရေမြှုပ်ဗုံး

May 23, 2018

ပေါင် ၂၂၀၀ အလေးချိန်ရှိ နာဇီ ရေမြှုပ်ဗုံးတလုံးကို တော်ဝင်ရေတပ် ဖောက်ခွဲ (ရုပ်သံ)

အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းက ဆက်စက်ကောင်တီ အနောက်ပိုင်း ကမ်းခြေတခုမှာ မေလ ၂၀ ရက်နေ့က နာဇီ ရေမြှုပ်ဗုံးတလုံး တွေ့ရှိပြီး တော်ဝင်ရေတပ် ဗုံးရှင်းလင်းရေးအဖွဲ့က ဘေးကင်းစွာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘို့နောရီဂျစ်စ်ကမ်းခြေ လာသူတွေက ဆီတိုင်ကီလို့ ထင်ခဲ့ကြပြီး ၆ ပေရှည်ကာ ပေါင် ၂၂၀၀ အလေးချိန်ရှိတဲ့ နာဇီခေတ်လက်ကျန် ရေမြှုပ်ဗုံးလို့ သိလိုက်ချိန်မှာတော့ အံ့သြထိတ်လန့်သွားကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ ကမ်းခြေလာရောက်လည်ပတ်သူ ပေါလ်အော်စတင်ဆိုသူက ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးကို ကမ်းခြေနားမှာတွေ့ချိန် အစောပိုင်း ကျောက်ခဲတွေနဲ့ပစ်ပြီး နောက်ပြောင်နေပါသေးတယ်။ ဒီရေမြှုပ်ဗုံးကြီးကို ကမ်းခြေ အပန်းဖြေအိမ်တွေအနီး တွေ့ခဲ့လို့ အနီးအနားမှာနေတဲ့ ဒေသခံတွေကို အိမ်ထဲဝင်နေကြဖို့နဲ့ မှန်ကွဲတွေစင်တာ နည်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားဖို့လည်း ဗုံးရှင်းလင်းရေးအဖွဲ့က သတိပေးခဲ့ရပါတယ်။ ဗုံးကို မေလ ၂၀ ရက်နေ့က တွေ့ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ကို ခေါ်ခဲ့တဲ့ ပေါလ်အော်စတင်က “ကျနော်က ဒါကို ဗုံးလို့မထင်ဘူး။ ဦးဆုံး ဆီတိုင်ကီကြီးလို့ပဲ ထင်ခဲ့တာ” လို့ ဘီဘီစီသတင်းဌာနကို ပြောပြီး ပေါလ်ရဲ့ အိမ်ရှေ့တံခါးနဲ့ ကိုက် ၅၀၀ သာ ဝေးတဲ့နေရာမှာရှိတဲ့ ဗုံးကြီးက နာဇီတွေလုပ်တဲ့ အကြီးဆုံးဗုံးတွေထဲက တလုံးလို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က သူ့ကိုပြောကြောင်း ပေါလ်က ဆိုပါတယ်။ ရေပြင် ၁ မိုင်အကွာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဗုံးကြီးကို ပင်လယ်ဘက် သယ်ဆောင်သွားကာ အဲ့ဒီညနေအစောပိုင်းမှာပဲ တောင်ဝင်ရေတပ်ဖွဲ့က အောင်အောင်မြင်မြင် ဖောက်ခွဲနိုင်ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ်တွေရဲ့ အဆိုအရ သိရပါတယ်။ အိမ်တွေကို နေရာပြောင်းရွှေ့မပေးရပေမယ့် အဲ့ဒီနေရာအနီးအနားမှာ ကမ်းရိုးတန်းစောင့် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ဆက်စက်ကောင်တီရဲတွေနဲ့အတူ မေလ ၂၀ ရက် တညလုံးနဲ့ ၂၁ ရက်နေ့မှာ ရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up