ရေမြုပ်

November 25, 2017

ရှမ်းမြောက်တွင် မိုးရက်ဆက်ရွာသဖြင့် ရိတ်သိမ်းပြီးစပါးများ ရေမြုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ တန့်ယန်းနဲ့ နမ္မတူဒေသတွေမှာ အချိန်အခါမဟုတ် မိုးရက်ဆက်ရွာလို့ ရိတ်သိမ်းပြီး စပါးတွေ ရေမြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့နယ်၊ နမ့်ဖွဲရွာမှာ တောင်သူ ၁၉ ယောက်ရဲ့ လယ်ဧက ၃၀ ကျော်လောက် ရေမြုပ်ခဲ့တယ်လို့ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။ “နမ္မတူက စာရင်းတော့ မသိသေးပါဘူး။ ဒေသခံတွေ ပို့တဲ့ ဓာတ်ပုံတွေပဲ ရထားသေးတယ်။ တန့်ယန်းမှာတော့ ရွာ ၉ ရွာက လယ်သမား ၃၇ ယောက်ရဲ့ ရိတ်ပြီးသားစပါးတွေ ထိခိုက်သွားတယ်လို့ သိရတယ်။ ဒီကိစ္စကို ကူညီနိုင်အောင် လားရှိုးခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူးကို စာပို့မှာပါ” လို့ ပြောပါတယ်။ ဒါ့အပြင် သတင်းမရသေးတဲ့ နေရာတွေကိုလည်း ဖော်ထုတ်ပြီး ကူညီဖို့ ပြောသွားမယ်လို့ သူက ဆိုပါတယ်။ ကောက်လှိုင်းတွေ ရေမြုပ်တာကြောင့် လတ်တလောမှာ မပျက်စီးပေမယ့် အချိန်မီ မခြောက်နိုင်ရင် ပျက်စီးနိုင်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ “မိုးက ဗုဒ္ဓဟူးနေ့က စ ရွာတယ်။ ဒီနေ့တော့ မရွာပေမယ့် မိုးအုံ့နေတယ်။ ရေနစ်တာက ချောင်းနားနီးတဲ့ လယ်တွေပေါ့။ လယ်သမားတွေကတော့ ရေကျရင် ကောက်လှိုင်းတွေ သယ်ဖို့ လုပ်နေတယ်။ နေမပူတော့ မလှမ်းနိုင်သေးဘူး။ ဒီစပါးတွေက ခြောက်သွားရင်လည်း ကြိတ်ရင် သိပ်မကောင်းတော့ဘူး” လို့ တန့်ယန်းမြို့နယ်၊ ကျူဆိုင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာခဲ့ပြီး မနက်ဖြန်အထိကတော့  နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ  နေရာကျဲကျဲရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
4 years Ago

August 3, 2015

ပန်းတောင်းမြို့ တမြို့လုံးနီးပါးနှင့် ၀န်းကျင်ကျေးရွာ ၃၀ ကျော် ရေမြုပ် (သတင်းဓာတ်ပုံ)

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ တမြို့လုံးနီးနီး ရေမြုပ်လျက်ရှိသလို ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၀ ကျော်လည်း ရေနစ်မြုပ်နေပါတယ်။ ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် မြစ်အတွင်းက ရေတွေ လျှံတက်လာပြီး ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာကနေ ဆင်တဲ-ပန်းတောင်း ကားလမ်းနံဘေး ကျေးရွာတွေ အားလုံးနဲ့ ပန်းတောင်းမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်က အိမ်အားလုံးနီးပါးအပြင် အစိုးရ ရုံးဌာနတွေနဲ့ ဆေးရုံတို့မှာ ရေနစ်မြုပ်ပြီး ရေဘေးသင့်ပြည်သူတွေက ပြည်-တောင်ကုတ်  ကားလမ်းမပေါ်မှာ ယာယီတဲထိုးပြီး နေနေရပါတယ်။ ဆေးရုံလည်း ရေနစ်နေတာကြောင့် လူနာတွေကို  ဆုတောင်းပြည့်ဓမ္မာရုံမှာ ပြောင်းပြီး ကုသပေးနေတယ်လို့ ဆေးရုံအနီးရှိ ဒေသခံတဦးက ပြောပါတယ်။ “ကျနော်တို့ ဒီမှာ ရေကြီးတာ နှစ်စဉ်လိုလို ဖြစ်တတ်ပေမယ့် အခုလို ရေကြီးတာမျိုးက ၂၀၀၄-ခုနှစ်က တကြိမ်၊ ၂၀၀၇ ခုနှစ်ကတကြိမ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ရေတက်ခဲ့တယ်။ ဒါပေမယ့် အခုနှစ် ရေက အရင်ရေထက် ပိုတယ်။ ကျနော်တို့ အနိမ့်ပိုင်းတွေက ၁၀ ရက်လောက်ရှိပြီ။ ဒါပေမယ့် အဆိုးဆုံးဖြစ်တာကတော့ ၄ ရက်ပဲ ရှိသေးတယ်။ ကျနော်တို့ရပ်ကွက်မှာ အိမ်ထောင်စုက ၂၁၅ စုနဲ့ ကမ်းနားက အိမ်ထောင်စုတွေနဲ့ဆိုရင် အခု ဒီနေရာမှာတင် ၃၆၅ အိမ်ထောင်ရှိတယ်။ လူဦးရေအနေနဲ့ ကျနော်တို့ ဒီနေရာတင် ၇၇၀ ရှိတယ်။" "ကျနော်တို့ ပန်းတောင်းမြို့မှာက ဖောင်းကန်ရပ်ကွက်၊  စည်သာရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊ ၀န်လိုရပ်ကွက်ဆိုပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိတယ်။ အခု ဒီမှာ ရေနစ်နေတာက ဆင်တဲ-ပန်းတောင်း လမ်းတလျှောက်နဲ့ မြစ်ကမ်းခြေရွာတွေကောဆိုရင် ရွာပေါင်း ၃၀ ကျော်ရှိမယ်။ အဓိက လိုအပ်နေတာတွေက ရေတို့၊ ဆန်၊ ဆီတို့ပေါ့။ ဒီရပ်ကွက်ကလူတွေက လက်လုပ်လက်စားတွေ များတယ်လေ။ ကျန်းမာရေးအတွက်ကတော့ ကျနော်တို့ ဒီနေရာကပဲ ဆေးဝါးတွေ ဆောင်ထားပေးပါတယ်။” လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပန်းတောင်းမြို့ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။ အခုလို  ကားလမ်းနံဘေးမှာ ယာယီတဲအိမ်ထိုးပြီး နေတာဟာ သူတို့ရဲ့ အိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းကို စိတ်မချနိုင်တာရယ်၊ တိရစ္ဆာန်တွေ မွေးထားတာရယ်ကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်သည့်တိုင် သွားရောက်မနေနိုင်ဘူးလို့ ကားလမ်းနံဘေးမှာ ယာယီတဲထိုးပြီး နေထိုင်သူ တဦးကလည်း ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုမင်းညို  
6 years Ago
Up