ရေးမြို့

July 6, 2018

ရေးမြို့နယ်တွင် သဘာဝဘေးကာကွယ်ရေး စီမံချက် ရေးဆွဲဆောင်ရွက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေဘေးအပါအဝင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ဆောင်ရွက်နိုင်ဖို့ စီမံချက် ရေးဆွဲဖို့ ရှိနေပါတယ်။ ဇွန်လ ၅ ရက်မနက်က ရေးမြို့နယ်ထွေ/အုပ်ရုံးခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အားလုံးရဲ့ အကြံပြုချက်အရ စီမံချက်ကို အကောင် အထည်ဖော်မယ်လို့ ရေးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးကပြောပါတယ်။ “သဘာဝဘေးကကြိုတင်မသိနိုင်ပါဘူး။ နောက်နောင်ကြုံတွေ့လာရင် စုပေါင်းပြီးတော့ တုံ့ပြန်မှုကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ပါ၊ ဘာကြောင့်ဖြစ်ရလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာ အားလုံးဆွေးနွေးပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာပါ” ရေလွှမ်းမိုးရေးကြီးမှုတွေ အဓိကဖြစ်ပွားတဲ့ ချောင်း ၃ ခုကိုလည်း ပြန်လည်တူးဖော်တာ အပါအဝင် သဘာဝဘေးကယ်ဆယ်ရေး မြို့နယ်အဆင့် ဇာတ်တိုက်လေ့ကျင့်တာတွေကို မကြာခင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက“ဒီနှစ်ကတော့ ရေးမှာ သဘာဝဘေးနဲ့ပတ်သက်လို့ ဆိုးရွားတဲ့ အနေအထားရှိတယ်။ ဇွန်လအတွင်းမှာ ရေဘေး မတိုင်ခင် လေဘေးလည်းသင့်ခဲ့လို့ ရပ်ကွက်နဲ့ကျေးရွာမှာ ဆုံးရှုံးမှုတွေရှိခဲ့တယ်။ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေဖြစ်ဖို့ ဌာနဆိုင်ရာအပြင် လူမှုအဖွဲ့အစည်းတွေ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်က ရှိထားသင့်တယ်လို့ မြင်တယ်။ ဒါမှလည်း ဆောင်ရွက်ဖွယ်ရှိတာတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆောင်ရွက်နိုင်မှာပါ။ ဒီလိုဆောင်ရွက်နိုင်ဖို့လည်း လေ့ကျင့်ပြင်ဆင်မှု ချိတ်ဆက်မှု သတင်းအမြန်ဆုံး ထုတ်ပြန်မှုတွေ လုပ်သင့်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေက ရေးမြို့နယ်အတွင်း နှစ်ရက်ကြာ ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့စဉ်မှာ  ကျေးရွာ ၃ ရွာ ရပ်ကွက် ၅ ခု ရေဘေးသင့်ခဲ့ပါတယ်။ မိန်းကလေးတဦး သေဆုံးခဲ့ပြီး လူ ၁၅ဝဝ ကျော် ရေဘေးသင့်ခဲ့ရကာ အိမ်ခြေ ၄၁ ပျက်ဆုံးရှုံးခဲ့ပါတယ်။ သတင်း- ဓာတ်ပုံ - ဝင်းနိုင်သက်
3 years Ago

June 22, 2018

ရေးမြို့တွင် ဖေ့စ်ဘွတ်ခ်သုံးသည့်ကိစ္စ ဇနီးနှင့် စကားများပြီး အမျိုးသားတဦး ဆွဲကြိုးချသေ

မွန်ပြည်နယ်၊ ရေးမြို့၊ တနင်္သာရီလမ်း အဝေးပြေးကားဝင်းအနီးမှာ ဇွန်လ ၂၁ ရက် ညပိုင်းက အမျိုးသားတဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ တဦးက ပြောပါတယ်။ အလူမီနီယံဆိုင်မှာ နေထိုင်သူ အသက် ၂၂ နှစ်အရွယ် မောင်အောင်ခက်ပိုင်ဟာ ဆိုင်အတွင်း တန်ဘောင်တန်းမှာ ဝိုင်ယာကြိုးနဲ့ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တာပါ။ မသေဆုံးခင်က ဇနီးသည်နဲ့ စကားများထားကြပြီး အိမ်ထောင်ရေးပြဿာနာကြောင့် မောင်အောင်ခက်ပိုင် ဖေ့စ်ဘွတ်ခ် သုံးစွဲတဲ့ကိစ္စနဲ့ ဇနီးသည်နဲ့ စကားများရာကနေ အခုလို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တာလို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တွေရဲ့ပြောစကားအရ ရဲအရာရှိက ပြောပါတယ်။ ရေးမြို့မရဲစခန်းက မောင်အောင်ခက်ပိုင်း သေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်းနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ နေမျိုးထွဋ်(ရေး)
3 years Ago

ရေးမြို့တွင် ရေဘေးဒဏ်ခံခဲ့ရသည့် ဈေးဆိုင်များ ပြန်မဖွင့်လှစ်နိုင်သေး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေတွေပြန်လည်ကျဆင်းသွားနေပေမယ့် မြသီတာဈေးနဲ့ အောင်သီတာဈေးက ဆိုင်ခန်းတွေနဲ့ ကုန်ပစ္စည်းတွေ ရေနစ်မြှုပ်ဆုံးရှုံးကုန်လို့ ဈေးဆိုင်တွေ ပြန်လည် မဖွင့်လှစ်နိုင်ကြသေးပါဘူး။ ရေးမြို့နယ်မှာ ဇွန် ၁၇ရက်က စတင်ရေစတင်ကြီးပြီး ဇွန် ၁၉ ရက်နေ့မှာ ရေကပြန်လည်ကျဆင်းသွားခဲ့တာပါ။ ဒီနှစ်ရေကြီးတာဟာ အရင်နှစ်တွေကထက်  ပိုမိုပျက်စီးဆုံးရှုံး တယ်လို့ လည်း ဈေးသူဈေးသားတွေက ပြောပါတယ်။ အများဆုံးကတော့ အဝတ်အထည်တွေ၊ ဆန်နဲ့ လူသုံးစားသောက်ကုန်တွေ၊ ရေထဲမျှောပါ ပျက်စီးခဲ့ရပြီး ကျပ်သိန်းပေါင်း ထောင်ဂဏန်းလောက် ရှိနိုင်တယ်လို့ ဈေးသူဈေးသားတွေက ခန့်မှန်းကြပါတယ်။ ရေးမြို့နယ်မှာ ရေကြီးမှုကြောင့် လူတဦး သေဆုံးကာ  လူနေအိမ် ၃၆ လုံးလောက် ရေထဲမျောပါ ပျက်စီးခဲ့ရပါတယ်။ သတင်း- နေမျိုးထွဋ်
3 years Ago
Up