မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားဝန်ကြီးဌာနက လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းတွေကို အခုနှစ်မှာ မြို့နယ်အားကစားရုံအတွင်း ထားရှိဖို့ စီစဉ်ပေးသွားမယ်လို့ မြို့နယ်အားကစားကော်မတီက ပြောပါတယ်။
“မြို့နယ်အားကစားကွင်းကို ထိန်းသိမ်း အဆင့်မြှင့်တင်နိုင်ဖို့အတွက် မြို့နယ် အားကစားကော်မတီအနေနဲ့ သက်ဆိုင်ရာ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းစီစဉ်သွားဖို့ ရှိနေသလို အားကစားရုံတွင်းမှာ အားကစားနည်းနဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ဖို့ သင်ထောက်ကူပြုပစ္စည်းတွေပါ ထည့်သွင်းပေးရန် စီစဉ်သွားပါမယ်” လို့ မြို့နယ် အားကစားကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ညွန့်က ပြောပါတယ်။
အခုလိုပြုလုပ်တာဟာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတာတွေကို တဖက်တလမ်းက ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“မြို့နေပြည်သူတွေအနေနဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အားကစားလောက ဖွံ့ဖြိုးစေမယ့်အပြင် လူငယ်တွေ အားကစားနည်းတွေကို ပိုမိုစိတ်ပါဝင်စားလာပါမယ်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တဖက်တလမ်းက ကာကွယ်ဖို့လည်း ဖြစ်ပါတယ်။”
ရေးမြို့နယ်က ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင်ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံး ဒိုင်းဖလားကို ဆွတ်ခူးထားပါတယ်။ တခြား အားကစားနည်းတွေလည်း ဆုတံဆိပ်တွေ ထပ်မံဆွတ်ခူးသွားဖို့အတွက် မြို့နယ်တွင်း အားကစားနည်း ပြိုင်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်သွားဖို့ ပြိုင်ပွဲတွေ စီစဉ်ထားတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)
5 years Ago