ရေးမြို့နယ်

August 14, 2018

ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုနဲ့ ထူးကဲဒီရေတက်မှုကြောင့် ပင်လယ်ကမ်းစပ်ဒေသတွေ ဖြစ်တဲ့ ရေးမြို့နယ်အနောက်ပိုင်း ကျေးရွာတွေနဲ့ တောင်ပိုင်းကျေးရွာတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ထူးကဲဒီရေတက်မှုကြောင့် ရေးမြို့နယ်၊ မကျီးချောင်းဝနဲ့ ရင်းဒိန်းဝကျေးရွာတွေမှာ နေအိမ် ၆ လုံး မျောပါသွားခဲ့ပြီး ကော့လှိုင်ကျေးရွာတွင် စေတီတော်တဆူရဲ့ ထီးတော် တိမ်းစောင်းခဲ့ခြင်း အပါအဝင် နေအိမ် ၄ လုံး၊ ဇီးဖြူသောင်ကျေးရွာတွင် နေအိမ် ၂ လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာပါ။ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “မနေ့ညကတည်းက ကြေးနန်းတွေကိုတော့ တင်ပြထားပြီးပြီ။ ဇီးဖြူသောင် ကမ်းနားတန်းဘက်ကကို မနေခိုင်းဘဲ ရွှေ့ခိုင်းထားတယ်၊ မကျီးချောင်းဝဘက်ကိုလည်း ကမ်းနားဘက်ကနေ ရွှေ့ခိုင်းထားတယ်။ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်း (ဓမင်းဆိပ်)ကျေးရွာတွင်လည်း အဲဒီနေ့ညနေ ထူးကဲဒီရေမြင့်တက်လာမှုကြောင့် ကမ်းခြေအနီး လှေပိုင်ရှင်တွေ ဆောက်လုပ်ထားတဲ့ ငါးလှမ်းစင် ၂၀ ပင်လယ်ထဲ မျောပါခဲ့ပြီး ငွေကျပ်သိန်း ၈၀၀ ကျော် အပါအဝင် ယမန်နေ့ လေပြင်းတိုက်ခတ်မှုနဲ့ ထူးကဲဒီရေတက်မှုတွေကြောင့် ဆုံးရှုံးမှုမှာ ကျပ်သိန်း ၉၀၀ နီးပါးခန့် ရှိခဲ့ပါတယ်။ လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ နေအိမ်ပျက်စီးမှုတွေကြောင့် ထိခိုက်ပျက်စီးခြင်း ခံရသူ ၄၀ ဦးအတွက် လတ်တလောအနေနဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ အိမ်မှာ ပြောင်းရွှေ့ထားပေးကြောင်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း - ဝင်းနိုင်သက်
3 years Ago

June 15, 2018

ရေးမြို့နယ်အတွင်း လှိုင်းကြီးသဖြင့် နေအိမ် ၆ လုံး ရေထဲမျောပါ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကြီးကျေးရွာမှာ ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက ရုတ်တရက် လှိုင်းကြီးကာ ပင်လယ်ရေ မြင့်တက်လာတာကြောင့် ကမ်းနဖူးက နေအိမ် ၆ လုံး ရေထဲမျောပါပြီး လူ ၃၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူအသေအပျောက် မရှိခဲ့ပေမယ့် ကမ်းနဖူးပေါ်က နေအိမ်တွေအပြင် ငါးပိကြိတ်စက်ရုံက အဆောင် ၂ ဆောင်အပါအဝင် တန်ဖိုးငွေကျပ် ၉၈ သိန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ အစင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။ “ရေကြီး ရေထရက်နဲ့ ဆုံတော့ ရုတ်တရက် မြင့်တက်လာတယ်။ လှိုင်းလည်း ပါတယ်။ ဝန်ထမ်းနေတဲ့ တဲအိမ် ၆ လုံး မျောသွားတယ်။ ငါးပိကြိတ်စက်ရုံက ပစ္စည်းထားတဲ့ အဆောင် ၂ ဆောင်ရယ်၊ စက်တချို့လည်း ပျက်စီးတယ်။ မိသားစုတွေကိုတော့ စောင့်ရှောက်ထားပေးတယ်။” မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးခြင်းနဲ့ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေမှာ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေကနေ ၁၃ ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် ညကလည်း ရေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေနဲ့ စာသင်ကျောင်းတချို့က အမိုးသွပ်တွေ ပျက်စီးခဲ့ပါတယ်။ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - ကျော်
3 years Ago
More News
Up