ရေးပင်လယ်ပြင်တွင်

December 8, 2016

ရေးပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေတိမ်းမှောက်၊ ရေလုပ်သား ၂ ဦးပျောက်ဆုံးနေ

မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ပြင်ဝါးကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၄၀ ခန့်အကွာမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၄ နာရီခွဲအချိန်က ရာသီဥတုဆိုးရွားတဲ့အတွက် ငါးဖမ်းလှေကို ကမ်းသို့ ခုတ်မောင်းစဉ် လှိုင်းဒဏ်ကြောင့် ငါးဖမ်းလှေတစီးတိမ်းမှောက်ပြီး ရေလုပ်သား ၂ ဦး ပျောက်ဆုံးနေပါ တယ်။ ရေးမြို့နယ် ချောင်းတောင်ကျေးရွာနေ လှေပိုင်ရှင် ဦးထွေးမောင် ပိုင်ဆိုင်တဲ့ လင်းလင်းဟိန်း မျှောပိုက်ငါးဖမ်းစက်လှေမှာ ပဲ့နင်းဦးဖေစွမ်းအပါအ၀င် ရေလုပ်သား ၁၂ ဦးအနက် ၁၀ ဦးကို ရန်ကုန် ဘုံကျောင်းလှေက ကယ်ဆယ်ထားပြီး စက်လှေနဲ့အတူ ရေလုပ်သား၂ ဦး ပျောက်ဆုံးနေတာပါ။ ချောင်းတောင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော် က “ချောင်းတောင်ကျေးရွာက ရေလုပ်ငန်းရှင်တွေက ဒီနေ့ မနက်ပိုင်းက သွားရောက်ပြီး  ငါးဖမ်းလှေနဲ့ ရေလုပ်သား ၂ ဦးကို စက်လှေနဲ့ လိုက်လံရှာဖွေ နေတယ်”လို့ ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဘင်္ဂလားပယ်လယ်ေအာ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့  ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။ သတင်း - နေမျိုးထွဋ်
5 years Ago
Up