ရေး

March 7, 2018

ရေး မြစ် ချောင်းများအတွင်း ဆေးခတ်ငါးဖမ်းမှုကြောင့် ငါးရှားပါးမှုနှင့် ကြုံတွေ့နေ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေး မြစ် ချောင်းတွေမှာ ငါးဖမ်းသမားတွေ မဆင်မခြင် ဖမ်းဆီးတဲ့အတွက် ငါးသယံဇာတ ရှားပါးတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ငါးဖမ်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ငါးဖမ်းသမား ဦးမျိုးထွန်းက “အရင်ငါးဖမ်းတဲ့လူတွေက မိရိုးဖလာ ငါးဖမ်းနည်းသာ ပိုက်ကွန်တွေနဲ့သာ ဖမ်းဆီးနေပေမယ့် အခုငါးဖမ်းသမားတချို့တွေက ဆေးခတ်ပြီး ဖမ်းဆီးလာတဲ့အခါ ငါးသယံဇာတတွေက ရှားပါးလာသလို ငါးတွေထဲမှာ ပုစွန်တွေ ပိုမိုအထိနာ သေဆုံးနေတာ တွေ့ရတယ်။ မိရိုးဖလာ ငါးဖမ်းသမားအများစုက ငါးသယံဇာတတွေ ရှားပါးလာတဲ့အခါ မဆင်မခြင် ငါးဖမ်းသမားတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြထားခဲ့ပေမယ့်လည်း ဒီနေ့အချိန်အထိ မဆင်မခြင် ငါးဖမ်းသမားတချို့တွေ ရှိနေသေးတယ်”လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ငါးဖမ်းလုပ်ကိုင်သူ ၁၀ ဦးလောက်ရှိရာ ဒီနေ့အချိန်မှာ ငါးဖမ်းလုပ်ကိုင်သူ ၅၀ ဦးအထိရှိနေပြီး အရင်တုန်းက ငါးမျိုးစုံ တနေ့ကို ငါးပိဿာချိန် ၅ ပိဿာအထိ ပျမ်းမျှ ငါးဖမ်းသမားတိုင်း ရရှိပြီး အခုအချိန်တွေက တနေ့ကို ၁ ပိဿာလောက်သာ ရရှိတယ်လို့ ဆိုပါတယ်။ မြို့နယ်ငါးဦးစီးမှူး ဦးဇော်မင်းက “ဆေးခတ်တဲ့ ငါးဖမ်းသမားတွေက ညသန်းခေါင်ယံ ကျော်လောက်မှာ ဖမ်းဆီးလာတဲ့အပေါ် ငါးဦးစီးဌာနအနေနဲ့က သက်ဆိုင်ရာဌာန သက်သေတွေ ပူးပေါင်းပါဝင်ဖမ်းဆီးမှ ဥပဒေအရ အရေးယူလို့ ရပါမယ်။ အခုအချိန်က အသိပညာပေးဖြစ်တဲ့ ငါးဖမ်းဆီးခွင့် အသိပညာပေးလုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။ ရေး မြစ် ချောင်းမှာ ငါးဘီးလူ၊ ငါးကတစ်၊ ငါးပတ်၊ ရေပေါ်ငါးတွေအပြင် ပုစွန်တွေ အများဆုံး ရရှိတဲ့နေရာလည်း ဖြစ်သလို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ငါးသယံဇာတတွေ သိပ်ပြီး မရရှိကြတဲ့အခါ ငါးဖမ်းသမား မိသားစုဝင်တွေ စားဝတ်နေရေးလည်း အခက်ခဲတွေလည်း ကြုံတွေ့နေရပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
4 years Ago

February 25, 2018

ရေး-ကျုံကွီးလမ်းပိုင်းတွင် တံတားပေါင်း ၄၃ စင်း တည်ဆောက်ရန် ကျန်ရှိ

      မွန်ပြည်နယ် ရေးမြို့မှ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အထိ သွားလာနိုင်မယ့် ရေး-ကျုံကွီးလမ်းပိုင်းမှာ တံတားပေါင်း ၄၃ စင်းတည်ဆောက်ဖို့ ကျန်ရှိနေတယ် လို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရေးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက သိရပါတယ်။     ၂၀၁၃-၂၀၁၄ ခုနှစ်ကစလို့ ရာမညကုမ္ပဏီလီမိတက်က စတင်တာဝန်ယူဖောက်လုပ်ခဲ့တဲ့ ၄၇ မိုင် ၆ ဖာလုံအရှည်ရှိ အဲဒီလမ်းပိုင်းမှာ ပေ ၁၀၀ နဲ့ အထက်တံတား ၁၂ စင်းနဲ့ ပေ ၁၀၀ အောက်တံတားအစင်း ၈၀ ပါဝင်ပြီး စုစုပေါင်းတံတားပေါင်း ၉၂ စင်းရှိပါတယ်။ လမ်းပိုင်းအနေနဲ့ ကျောက်လမ်း ၃၈ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၃၀ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၄၉ စင်းနဲ့ Box Culvert ၁ ခုဆောင်ရွက်ပြီးစီးခဲ့ကြောင်းနဲ့ စုစုပေါင်းကုန်ကျငွေကျပ်သန်းပေါင်း ၆၂၂၇.၂၂၂ သန်း သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ အဆိုပါရုံးမှ သိရပါတယ်။     လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်က     “လာမယ့်ဘတ်ဂျက်တွေမှာ ကတ္တရာ လမ်း ၄ မိုင် ၄ ဖာလုံ ရန်ပုံငွေကျပ် ၁၁၀၅.၂ သန်းလျာထားပါတယ်၊ ပေ ၁၀၀ အောက်တံတားက ၇ စင်း၊ Box Culvert ၅ ခု ရန်ပုံငွေကျပ် ၄၁၀ သန်းလျာထားပါတယ်။ ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ ပြောပါတယ်။     အဆိုပါလမ်းပြီးစီးသွားမည်ဆိုပါက ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူမြို့မှ ရေးမြို့ကို အချိန်တိုအတွင်းသွားလာနိုင်မှာဖြစ်ပြီး ခရီးသွားတွေနဲ့ ကုန်စည်တွေ လွယ်ကူချောမွေ့စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်ကာ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပိုမိုမြန်ဆန်လာမယ်လို့လည်း ဒေသခံလုပ်ငန်းရှင်များက မျှော်လင့်နေကြပါတယ်။ သတင်း - ၀င်းနိုင်သက်
4 years Ago
Up