ရေမြောင်းများပေါ်  ပိတ်ဆို့ ကျူးကျော်ဆောက်လုပ်ထားသူများကို အရေးယူမည်

June 27, 2018

ရေမြောင်းများပေါ်  ပိတ်ဆို့ ကျူးကျော်ဆောက်လုပ်ထားသူများကို အရေးယူမည်

မော်လမြိုင်မြို့မှာ ရေကြီးခဲ့ရတာဟာ  ရေမြောင်းတွေ ပိတ်ဆို့မှုကြောင့်လည်း ပါဝင်ပြီး ရေမြောင်းတွေပေါ်မှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ ကျူးကျော် အိမ်ဆောက်လုပ်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။ လက်ရှိမှာ မော်လမြိုင်မြို့တွင်းက ရေမြောင်းတွေကို အပိုင်းတွေခွဲပြီး စည်ပင်သာယာရေး နဲ့ ပူးပေါင်းကာ တူးဖော်နေတယ်လို့ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောပါတယ်။ “အခုလိုရေကြီးခဲ့တာက မိုးရေချိန်မြင့်မားတဲ့ သဘာဝဘေးအန္တရာယ်တွေတော့ ရှိတာပေါ့။ အစ်ကိုတို့ မြို့ကျတော့ ရေမြောင်းတွေပိတ်ဆို့မှုက အဓိကပါ။ လူတွေက ကျူးကျော်ပြီး အိမ်တွေ ဆောက်ထားတာတွေ၊ စည်ပင်ဌာနအနေနဲ့လည်း ရေမြောင်းတွေအချိန်မီ မဆည်ပေးနိုင်တာ တွေလည်း ပါပါတယ်။ သဘာဝဘေးအန္တရာယ်က မော်လမြိုင်မြို့မှာ ကြုံတွေ့ခဲပါတယ်။ မိုးရေချိန်ကလည်း ၇ နာရီအတွင်းမှာ ၁၄ လက်မ၊ ၁ နာရီကို ၂ လက်မရွာတယ်ဆိုတော့ မိုးတော်တော်များတဲ့အချိန်မှာ ရေမြောင်းတွေက အဆင့်သင့်မဖြစ်သေးဘူး။” လို့ ပြောပါတယ်။ လက်ရှိအစိုးရအာဏာရလာတဲ့ ၂ နှစ်တာကာလအတွင်းမှာ လုပ်ငန်းဆောင်တာတွေ များပြားလွန်းပြီး အချိန်မမီခဲ့တာကြောင့် အခုလို မော်လမြိုင်ရေကြီးမှုကို ကြုံတွေ့ခဲ့ရတာ လို့ ဦးအေးမင်းဟန်က ဆက်ပြောပါတယ်။ လက်ရှိမှာ မော်လမြိုင်မြို့က ရွှေတောင်ရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ သာယာအေးနဲ့ လှိုင်ရပ်ကွက်များ၊ ဇေယျာမြိုင်ရပ်ကွက်နဲ့  ငန်းတေးရပ်ကွက်တို့မှာ ရေမြောင်းတွေ တူးဖော်နေ ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်က မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခဲ့တဲ့ အတွက် ရေဘေးသင့်ပြည်သူ ၈၀၀၀ ကျော်အထိရှိခဲ့ပြီး သိန်းပေါင်း ၆၄၁၁ သိန်းဆုံးရှုံးခဲ့တဲ့ အပြင် ဆားပိဿာချိန် ၂၅ သိန်းကျော်နဲ့ ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဌာနက သိရပါတယ်။ သတင်း= အာကာမင်း ဓာတ်ပုံ = Mon State Government office
3 years Ago
Up