အမေရိကန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ် ပိတ်မိနေတဲ့ ထရပ်ကားတစီးထဲက ယာဉ်မောင်းအမျိုးသားတဦးကို ရုပ်သံသတင်းထောက်မလေးတဦးက စွန့်စားကယ်တင်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ဟူစတန်မြို့၊ လမ်းမကျယ်တခုပေါ်မှာ ဖြစ်ခဲ့ပြီး KHOU 11 သတင်းဌာနမှ သတင်းအဖွဲ့က တိုက်ရိုက်တင်ဆက်ဖို့အတွက် အဲဒီနေရာကို ရောက်ရှိနေခဲ့ကြတာပါ။
အစီအစဉ်တင်ဆက်သူ အမျိုးသမီး ဘရန်ဒီစမစ်သ်ဟာ ရေတွေနစ်မြုပ်နေတဲ့ လမ်းမအထက် တံတားပေါ်က တိုက်ရိုက်တင်ဆက်နေခဲ့တာပါ။
အဲဒီအချိန်မှာ ဘေးက ပတ်လည်ဝိုင်းနေတဲ့ ရေထဲမှာ ရုတ်တရက် ကားတစီးကို တွေ့လိုက်ရပြီး ကားထဲမှာ အမျိုးသားတဦး ပိတ်မိနေခဲ့တာကို တွေ့ရှိခဲ့တာပါ။
ရေတွေဟာ ပိုမြင့်တက်နေခဲ့တာဖြစ်ပြီး ကားတစီးလုံးကို မကြာခင်မှာဘဲ ဖုံးလွှမ်းတော့မယ့် အခြေအနေမျိုး ဖြစ်နေခဲ့ပါတယ်။
စမစ်ဟာ လမ်းမပေါ်မှ ကယ်ဆယ်ရေးရဲကားတစီးကို တားဆီးလိုက်ပြီး သူ့ကိုကယ်တင်ဖို့ အကူအညီ တောင်းခံခဲ့ရပါတယ်။
“ရေထဲက ၁၀ ပေလောက်အနက်ရှိတဲ့ ထရပ်ကားထဲမှာ အမျိုးသားတယောက် ပိတ်မိနေတယ်ရှင့်” လို့ သူက ရှင်းပြခဲ့ပါတယ်။
အဲဒီနောက်တော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ လှေနဲ့ ကားဆီသွားရောက်ကာ အဲဒီအမျိုးသားကို ခက်ခက်ခဲခဲ ကယ်တင်နိုင်ခဲ့တာပါ။
အဲဒီအချိန်တလျှောက်လုံးမှာလည်း ရိုက်ကူးရေးအဖွဲ့တွေက ဆက်လက် ရိုက်ကူးနေခဲ့ကြကာ ကမ်းပေါ်ရောက်လာတဲ့ ထရပ်ကားမောင်းသမားကို မေးမြန်းခဲ့ပါသေးတယ်။
“ကမ်းပေါ်ပြန်ရောက်လာတာ ဘယ်လိုလဲရှင့်” လို့ သူ့ကိုမေးလိုက်ချိန်မှာ “တကယ်.. တကယ့်ကို အံ့သြဝမ်းသာမိပါတယ်။ ဘုရားသခင်က ကျနော့်ကို ကယ်တင်လိုက်တာပါပဲ။ ဘုရားသခင်ကိုရော ခင်ဗျားတို့တဖွဲ့လုံးကိုပါ ကျေးဇူးတင်ပါတယ်” လို့ ပြန်ဖြေခဲ့ပြီး ပွေ့ဖက် နှုတ်ဆက်ခဲ့ပါတယ်။
ခုကားနစ်မြုပ်တဲ့နေရာ တံတားအောက်မှာပဲ မနှစ်ကလည်း ၁၈ ဘီးကားတစီး နစ်မြုပ်ခဲ့ဖူးပြီး အမျိုးသားတဦး သေဆုံးခဲ့သေးတယ်လို့ ရဲတွေက ပြောပါတယ်။
5 years Ago