ရေလှောင်တမံတွင်း စွန့်ပစ်ခံ ကလေးငယ်ကို စွန့်စားကယ်တင်သည့် သူရဲကောင်းရဲမေ

December 23, 2016

ရေလှောင်တမံတွင်း စွန့်ပစ်ခံ ကလေးငယ်ကို စွန့်စားကယ်တင်သည့် သူရဲကောင်းရဲမေ (ရုပ်သံ)

ဘရန်ဒွန် ဂီတဟီဟာ တကယ့်ကို အံ့သြဖွယ် သူရဲကောင်းရဲမေတဦးပါ။ သူဟာ မိခင်က ရေလှောင်တမံတခုအတွင်းမှာ စွန့်ပစ်ခံခဲ့ရတဲ့ လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တဦးကို စွန့်စွန့်စားစား ကယ်တင်ခဲ့ပါတယ်။ ဒါဟာ ကင်ညာနိုင်ငံ၊ ချင်ဂါရေလှောင်တမံထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ညအမှောင်ထဲမှာ ထိတ်လန့်တကြား အော်ဟစ်နေတဲ့ ကလေးငယ်ရဲ့အသံကို သူနဲ့အတူ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးတဦးဖြစ်တဲ့ ရုသ်ချက်ပ်တွန်နဲ့အတူ ကြားခဲ့ကြတာပါ။ ရေထဲမှာ မျောပါနေတဲ့ ကလေးငယ်မှာ ဝတ်ဆင်ထားတဲ့ ကုတ်အင်္ကျီဟာ ရေပေါ် ပေါ်နေနိုင်အောင် ပြုလုပ်ထားခဲ့တာမို့ ကံကောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘရန်ဒွန်ဟာ မှောင်နဲ့မည်းမည်း အခြေအနေနဲ့ ရေထဲမှာ ပေ ၅၀၀ လောက်အကွာ ငိုသံကြားရတဲ့ နေရာဆီ ကူးခပ်သွားခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘရန်ဒွန်ဟာ ကလေးကို ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ မောဟိုက်ပင်ပန်းနေခဲ့တာပါ။ ကလေးငယ်ဟာ ကမ်းပေါ်ကို ချောချောမောမော ရောက်ရှိခဲ့ချိန်မှာ ထိတ်လန့်တကြား အော်ဟစ်ငိုယိုနေခဲ့တာကို ဓာတ်မီးရောင်တွေအောက်မှာ တွေ့ရပါတယ်။ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူကိုလည်း မကြာခင်မှာပဲ ခြေရာခံဖမ်းဆီးနိုင်ခဲ့ပြီး သူ့မှာ ပြုစုစောင့်ရှောက်ဖို့ တခြားရွေးချယ်စရာနည်းလမ်း မရှိတော့တာမို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘရန်ဒွန်ဟာ ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပေမယ့် ဆေးရုံမှာ တက်ရောက်ကုသခံနေရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ စာနာစိတ်နဲ့ သူရဲကောင်းဆန်တဲ့ သူ့ရဲ့အပြုအမူအတွက် ကင်ညာနိုင်ငံသားတွေဟာ ချီးကျူးနေကြပြီး ရာထူးတိုးပေးသင့်တယ်လို့ ပြောနေကြတာပါ။ မွမ်ဂျာကိုလီယာအမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ဒီရဲမေကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ မှတ်ချက်ရေးခဲ့တာပါ။ သေလောက်တဲ့ထိ ဖြစ်သွားနိုင်တဲ့ ခုလိုစွန့်ပစ်မှုအတွက် ကလေးရဲ့မိခင်ဖြစ်သူ အမျိုးသမီးကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ဆီမာကွီလီအမည်နဲ့ အင်တာနက်အသုံးပြုသူတဦးက မိခင်ဖြစ်သူ အမျိုးသမီးကို “လာစမ်းပါ။ ဒါဘယ်လိုအပြုအမူမျိုးလဲ။ အသည်းနှလုံးမရှိတဲ့ မိစ္ဆာအမျိုးသမီးပဲ” လို့ မှတ်ချက်ပြု ဝေဖန်ခဲ့ပါတယ်။
5 years Ago
Up