ရေဘေးသင့်

July 20, 2019

နိုင်ငံတ၀န်း ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၅ သောင်းခန့် ရေဘေးသင့်

နိုင်ငံတဝန်းရေကြီးရေလျှံတာတွေကြောင့် ဇူလိုင်လထဲမှာ လူပေါင်း ၅ သောင်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး  အိမ်ထောင်စုပေါင်း ၁ သောင်းလောက်ဟာ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “မနေ့က နေ့ခင်းအထိ စာရင်းအရ အိမ်ထောင်စု ၉၈၀၀ ဝန်းကျင်၊ လူဦးရေ ၄၉၀၀၀ လောက် ရေဘေးသင့်ခဲ့ပါတယ်။ ဒါက ဇူလိုင်လထဲမှာ ဖြစ်တာပါ။ ပဲခူးတိုင်း၊ မွန်၊ ချင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်မှာတော့ ရေကျသွားလို့ ရေဘေးရှောင်တွေ သူတို့အိမ်ကို ပြန်သွားကြပါပြီ။ လက်ရှိမှာ စစ်ကိုင်းနဲ့ မန္တလေးမှာ ရှိတယ်။ မကွေးမှာ နည်းနည်းရှိတယ်” လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ ခန္တီး၊ ကသာ၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့နယ်တို့မှာ ရေကြီးနေပြီး လူဦးရေ ၉၅၀၀ လောက်၊ မန္တလေးတိုင်း သပိတ်ကျင်း၊  စဥ့်ကူးမြို့နယ်တို့မှာ လူဦးရေ ၅၈၀၀ လောက် ရေဘေးသင့်နေတယ်လို့လည်း သူက ပြောပါတယ်။ ဇူလိုင်လထဲမှာပဲ လူ ၃ ယောက် ရေနဲ့မျောပါ ပျောက်ဆုံးခဲ့တယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆိုပါတယ်။ “ကချင်ပြည်နယ် ဆော့လော်မှာ တယောက် ပျောက်နေတယ်။ မကွေးတိုင်းထဲမှာ ၂ ယောက်ရှိတယ်။ သူတို့ကတော့ မကွေးတိုင်းမှာ ရေကြီးတဲ့ ဇူလိုင် ၁၇ ရက်မတိုင်ခင်က တောင်ကျချောင်းရေနဲ့ မျောပါသွားတာပါ” လို့ ပြောပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ရေဘေးသင့်သူတွေအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေစုစုပေါင်း ကျပ် ၉၆၄ သိန်းကျော် ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အကူအညီလိုအပ်ရင် ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွေကို ဖြစ်စေ၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်တွေဖြစ်တဲ့ ၀၆၇- ၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇  ကိုဖြစ်စေ အကူအညီတောင်းခံနိုင်တယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
2 years Ago

December 17, 2018

ကလေးမြို့က ရေဘေးသင့် ကျေးရွာ ၆၀ အတွက် ရေတင်စက်များ ထောက်ပံ့

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၁၅ ခုနှစ်က  ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ကျေးရွာ ၆၀ မှာ စိုက်ပျိုးရေး ပြန်လည်ထူထောင်ဖို့အတွက်  ရေတင်စက်တွေနဲ့ ဆက်စပ်ပစ္စည်းအစုံ ၆၀ ပေးအပ်ခဲ့ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကနေ စိုက်ပျိုးရေးပြန်လည်ထူထောင်မှုမှာ အသုံးပြုဖို့အတွက် ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့မှုနဲ့ အမေရိကန် ဒေါ်လာ ၁၄၀၀ ဝန်းကျင်ဖိုး စက်တွေ ပေးအပ်ခဲ့တာလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ပြောပါတယ်။ အဲ့ဒီလို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး တောင်သူတွေ ဝင်ငွေ တိုးတက်မှု ရှိမရှိကိုလည်း ၆ လ တကြိမ် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ပြောပါတယ်။ ကလေးမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သဘာဝရေဘေးသင့်မှုမှာ စစ်ကိုင်းတိုင်းအတွင်း လယ်ယာမြေနဲ့ အခြား ပျက်စီးထိခိုက်မှု အများဆုံးကို ရင်ဆိုင်ခဲ့ရတာပါ။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက “အဓိကအနေနဲ့ လယ်ယာမြေ သုံးရာသီ စိုက်ပျိုးရေးအတွက် ရေရဖို့ ရည်ရွယ်ပြီး ပေးအပ်တာဖြစ်ပါတယ်။ ဒီကျေးရွာ ၆၀ မှာ မိုးရေးကို အားကိုးမနေဘဲ အသီးသီး နီးစပ်ရာ ချောင်းမြောင်းတွေထဲက ရေတွေကို သီးထပ်သီးညှပ်တွေအတွက်ပါ စိုက်ပျိုးရေရဖို့နဲ့ မြေအောက်ရေ အလားအလာရှိတဲ့ နေရာတွေမှာ ရေတွင်းတူးပေးဖိုတွေအထိ ထိထိရောက်ရောက် လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။ လက်ရှိ အင်ဂျင်အလုံး ၆၀ ကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ပေးအပ်ခဲ့ပေမယ့် အခြား ရေတင်တာ၊ ရေသွယ်မြောင်းတူးတာနဲ့ စက်ရေးတွင်းတူးဖော်ခြင်းတွေကိုလည်း တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေနဲ့ ပြုလုပ်ပေးနေတာတွေရှိပါတယ်။ ကလေးဒေသမှာ ကျေးရွာပေါင်း ၁၅၇ ရွာရှိတဲ့အနက်က ၂၀၁၅ ခုနှစ်မှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာ ၆၀ ရှိခဲ့ပြီး အဆိုးဝါးဆုံး ရေဘေးသင့်ခဲ့တဲ့ ရွာ ၁၃ ကတော့ နေရာ ပြောင်းရွှေ့ခဲ့ရတဲ့အထိ ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။
2 years Ago
More News
Up