ရေဘေးသင့်

June 16, 2018

ပြည်နယ်တိုင်း ၈ ခုတွင် ရေဘေးသင့် ၁၃၀၀၀ ကျော်ရှိ၊ ၇ ဦး သေဆုံး

ပြည်နယ်တိုင်း  ၈ ခုမှာ ရေဘေးသင့်သူပေါင်း ၁၃၀၀၀ ကျော်ရှိပြီး ရေဘေးအတွင်း သေဆုံးသူ ၇ ဦး ရှိသွားပြီလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ ရေဘေးသင့်တာကို အဆိုးဝါးဆုံးခံစားနေရပြီး ရခိုင်ပြည်နယ်တခုတည်းမှာတင် ရေဘေးသင့်သူပေါင်း ၇၀၀၀ ကျော် ရှိပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ကျဝန်ထမ်းက “အဆိုးဆုံးက မကွေး၊ ပြီးတော့ ရခိုင်ရောပဲရှင့်။ ဘေးသင့်သူ ဦးရေက အခု လက်ရှိမှာ ၇၀၀၀ ကျော်နေတယ်ရှင့်” လို့ ပြောပါတယ်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်း၊ ကရင်နဲ့ ကယား စတဲ့ ပြည်နယ်တိုင်းတွေမှာ မိုးကြီးလို့ ရေကြီးနေတာဖြစ်ပြီး လမ်းတံတားနဲ့ လူနေအိမ်ခြေပျက်စီးမှုတွေလည်း ဖြစ်ပွားနေပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ဇွန် ၁၅ ရက်နေ့အထိ ပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ပြတ်တောက်နေမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေတာကြောင့် အဆက်အသွယ်မရရှိသေးတဲ့ မြေပုံမြို့နယ်၊ ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ ပိတ်ထားရတဲ့ ကျောင်းစာရင်းတွေကို ရဖို့ရှိဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ ဇွန် ၁၁ ရက်လောက်ကစပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအား အလွန်ကောင်းပြီး တပြည်လုံးအနှံ့ မိုးကြီးခဲ့ရာကနေ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
3 years Ago

September 2, 2015

ရေဘေးသင့် ကြံခင်းမြို့နယ်တွင် ထိုင်းဘုရင့်ဆေးတပ်မတော် ဆေးကုသပေး

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ထိုင်းဘုရင့် ဆေးတပ်မတော်အဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံတွေကို သြဂုတ် ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျန်းမာရေး စစ်ဆေးပြီး ဆေးကုသမှု ပေးနေပါတယ်။ မြန်မာနိုင်ငံအတွင်း ရေလွှမ်းမိုးရာ ဒေသတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းဘုရင့်တပ်မတော်က ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ထိုင်းဘုရင့်ဆေးတပ်မတော်အဖွဲ့ဟာ အရိုးအကြော ရောဂါ၊ ကလေးသူငယ်တွေနဲ့ အထွေထွေရောဂါ လူနာတွေကို စစ်ဆေးကုသပေးတာနဲ့ ရပ်ကွက်တွေမှာ ခြင်ဆေးဖျန်းတာ၊ ရေသန့်စစ်ဆေးတာနဲ့ ဆေးထည့်တာ စတာတွေကို ဆောင်ရွက်ပေးနေတာပါ။ ထိုင်းဘုရင့်တပ်မတော်မှ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင် အင်အား ၂၅ ယောက်လောက်နဲ့ ခန့်မှန်းငွေ ဘတ် ၁ ဒသမ ၅ သန်းကျော် သုံးစွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။ ဒီဆေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကလည်း မြန်အောင်မြို့နယ်မှာ ရေးဘေးသင့်ပြည်သူ ၅၀၀ ကျော်ကို ဆေးဝါးကုသပေးခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကရေဘေးသင့် ပြည်သူတွေအတွက် ကျပ်သိန်း ၁၄ဝဝ ကျော် တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုလည်း မြ၀တီမှာ ထိုင်းနိုင်ငံ အစိုးရသံရုံးက သြဂုတ် ၂၈ ရက်မှာ ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကျော်ဇေယျ  
6 years Ago
More News
Up