ရေကျော်

July 27, 2018

အမ်း-တပ်တောင်လမ်း ရေကျော်နေသဖြင့် ယာဉ်များ သွား၍မရ

မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ရန်ကုန်-စစ်တွေ လမ်းမကြီး အရက်နေ့ကထက် ရေတွေ ကျသွားပေမယ့် အမ်း-တပ်တောင် လမ်းမကတော့ လက်ရှိ အချိန်အထိ ရေ ၄ ပေကျော်ကျန်ရှိတာကြောင့် ယာဉ်တွေသွားလာလို့ မရသေးပါဘူး။ မဲလက်မောင်းရွာကြားနဲ့ ကံ့ကော်မြိုင်ရွာကြားမှာ ဒီကနေ့ မနက်ပိုင်း ၁၂ နာရီလောက်က ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ စတင် ဖြတ်ကျော်လို့ရနေပြီလို့ အမ်းမြို့နယ် ဒု-အုပ်ချုပ်ရေး ဦးကျော်ညိမ်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကားလမ်းပိတ်နေတာတွေကတော့ ဖြတ်သွားလို့ ရနေပါပြီ။ လက်ကျန်ရေကတော့ ၁ ပေကျော်လောက်ပဲ ရှိတော့တယ်။ ဒီကနေ့ ၁၂ နာရီလောက်မှာ ဖြတ်လို့ရတာပါ။ ကားကြီးတွေရော ကားအသေးတချို့ရော သွားလို့ရနေပါပြီ။ ဒါပေမယ့် အခု မိုးအရမ်းရွာနေတယ်။ ဒီလို ဆက်ရွာနေမယ် ဆိုရင်တော့ ပြန်ပြီးတော့ ရေကြီးလာနိုင်တဲ့ အနေအထား ရှိတယ်”လို့ ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိတော့ အမ်း-တပ်တောင် လမ်းမကြီးကတော့ ကားလမ်းမကို ရေကျော်နေတာကြောင့် ကားတစီးမှ ဖြတ်သွားလို့ မရသေးကြောင်း အမ်းမြို့နယ် ယာဉ်ကြီးကြပ်ရေး အတွင်းရေးမှူး ကိုသန်းချိုက ဒီကနေ့ နေ့လယ်ပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “လောလောဆယ် ဒီကနေ့ နေ့လယ်ပိုင်းအထိ အမ်း-တပ်တောင်းလမ်းက ဘာကားမှ ဖြတ်သွားလို့ မရသေးဘူး။ အမ်းနဲ့ တပ်တောင်ကားလမ်းမှာ ၄ ပေကျော်လောက် ကားလမ်းမပေါ် ရေကျော်နေသေးတယ်။ အမ်းချောင်း ရေကတော့ နည်းနည်းရေပြန်တက်လာတယ်။ အခု မိုးအရမ်းရွာနေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင်လို့ စစ်တွေ-ရန်ကုန်လမ်းမနဲ့ အမ်း-တပ်တောင် ကားလမ်းမတွေ ရေကျော်နေတာကြောင့် ယာဉ်အသွားအလာတွေ အရင်ကလောက် မရှိသလို ခရီးသည်တွေဟာ အရင်ကထက် ကားပေါ်မှာ စီးနင်းလိုက်ပါသူ နည်းပါးသွားတယ်လို့ ကိုသက်ချိုက ဆိုပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က အမ်းမြို့နယ် ကန်ဇလီကျေးရွာအမျိုးသမီးသူတဦး ရေစီးနဲ့ မျောပါသွားတာကြောင့် ဒီကနေ့အချိန်အထိ ပျောက်ဆုံးနေသူကို ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ဇူလိုင်၂၄ ရက်နေ့ကစလို့ ရန်ကုန်-စစ်တွေ လမ်းမကြီးနဲ့ အမ်း-တပ်တောင်လမ်းမ ရေကျော်နေပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ၂ဝဝ ကျော် ပိတ်မိနေခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
3 years Ago

July 25, 2018

အမ်းမြို့နယ်တွင် ကားလမ်းမ ရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိနေ

ရခိုင်ပြည်နယ်မြို့နယ်၊ အမ်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာလို့ တောင်ကျရေတွေကြောင့် ရန်ကုန်-စစ်တွေ လမ်းမကြီးနဲ့ အမ်း- တပ်တောင်လမ်းမ ရေကျော်နေပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ပိတ်မိနေပါတယ်။ လက်ရှိအချိန်ထိတော့ အမ်း-တပ်တောင် ကားလမ်းမမှာ ရေကျော်နေတာကြောင့် ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ အမ်းမြို့နယ် ယာဉ်ကြီးကြပ်ရေးက အတွင်းရေးမှူး ကိုသန်းချိုကဒီကနေ့ မွန်းလွဲပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “မယ်လက်မောင်းရွာကြားနဲ့ ကံ့ကော်မြိုင်ရွာကြားမှာ မနေ့က ၂ နာရီကနေ့ အခုအချိန် ကားလမ်းမ ၇ ပေ ရေကျော်နေတယ်။ ကားတစီးမှ ဖြတ်မရဘူး။ နောက်ပြီးတော့ အမ်း- တပ်တောင် လမ်းဆိုရင် ကားသေး၊ ကားကြီး၊ ခရီးသည်တင်ကားတွေရော၊ ကုန်တင်ကားကြီးတွေ ဆိုရင် အစီး ၂၀၀ ကျော် မနေ့က ပိတ်မိခဲ့တယ်။ ဒီကနေ့မနက်မှာ ဆိုရင်တော့ ကားအစီးအရေ ၁၀၀ ကျော်လောက် ရှိသေးတယ်။ လက်ရှိအချိန်အထိတော့ ရေ ၆ ပေကျော် လောက် ကျန်နေသေးတယ်”လို့ပြောပါတယ်။ ရန်ကုန်-စစ်တွေ ကားလမ်းမ အပါအဝင် အမ်း-တပ်တောင် ကားလမ်းတွေ စတဲ့နေရာ လေးနေရာလောက်မှာ ရေကျော်နေတယ်လို့ အမ်းမြို့နယ်ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ် ရန်ကုန်စစ်တွေကားလမ်းမနဲ့ မယ်လက်မောင်းအုပ်စု ၁၃ မိုင် ကားလမ်းမ တွေမှာတော့ လက်ရှိအချိန်အထိ ရေ ၃ပေလောက်သာ ကျန်ရှိနေပြီး မိုးတွေ ဆက်လက်ရွာရင်တွေ ရေတက်နိုင်တယ်လို့ အမ်းဒု-မြို့နယ် အုပ်ရေးမှူး ဦးကျော်ညိမ်းထွန်းက ပြောပါတယ်။ “မနေ့က အခြေအနေအထိဆိုရင် မယ်လက်မောင်း ၁၃ မိုင်နေရာမှာတော့ ၇ပေ ၈ ပေလောက်အထိ တက်တယ်။ ကားလမ်းပေါ်မှာပေါ့လေ။ ဒီကနေ့ကတော့ ၃ ပေ ပတ်ချာလည်လောက် ရှိတယ်။ မိုးအပေါ်မှာ မူတည်တယ်။ မိုးများပြီးတော့ တောင်ကျရေတွေ များလာရင်တော့ ထပ်တက်ဖို့ အလားအလာတွေ ရှိနိုင်တယ်” အမ်း-တပ်တောင်ကားလမ်းမမှာတော့ လက်ရှိအချိန်မှာတော့ ရေအနည်းငယ် ကျဆင်းသွားတာကြောင့် ကုန်ကားတချို့နဲ့ ခရီးသည်တင်ကားတချို့ သွားလာလို့ ရပေမယ့် ကားအသေးလေးတွေကတော့ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ ဝဏ္ဏခွာညို
3 years Ago
Up