ရော့ခ်ဂီတပွဲ

March 13, 2017

ရော့ခ်ဂီတပွဲတွင် ပရိသတ် ၃ သောင်းခန့် ဝရုန်းသုန်းကားဖြစ်၊ ၂ ဦး သေဆုံး (ရုပ်သံ)

မတ်လ ၁၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံ အိုလာဗာရီယာမြို့ ရော့ခ်ဂီတပွဲမှာ ပရိသတ် ၃ သောင်းလောက် ဝရုန်းသုန်းကားဖြစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိုလာဗာရီယာမြို့တော်ဝန်က “လူ ၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။ တဦးကို ဘယ်သူဘယ်ဝါဆိုတာ အမည်နာမ ခွဲခြားနိုင်ပြီဖြစ်ပေမယ့် နောက်တဦးနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်။ နောက်ထပ် ၁၂ ဦး ဒဏ်ရာရလို့ ဆေးရုံပို့ထားရပါတယ်။ ဒဏ်ရာရသူတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိရအောင် ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” လို့ ရှင်းပြသွားပါတယ်။ မတ်လ ၁၁ ရက်နေ့က “အင်ဒီယို” လို့ လူသိများတဲ့ အင်ဂျင်တီးနား နာမည်ကြီးအဆိုတော် ကားလို့စ် ဆိုလာရီ သီဆိုတဲ့ပွဲကို ပရိသတ် ၃ သောင်းလောက် လာရောက်အားပေးခဲ့ပါတယ်။ ပရိသတ်တွေဟာ ပွဲပြီးခါနီးမှာ အဆိုတော်ကို အနီးကပ်မြင်ချင်ဇောနဲ့ စတိတ်ရှိုးစင်မြင့်အနားကို အတင်းတိုးဝှေ့ရာကနေ လူတွေ ဝရုန်းသုန်းကားဖြစ်ပြီး လူ ၂ ဦး အသက်ရှူကျပ် သေဆုံးခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up