“ရောင်းသူလည်း စေတနာထားနိုင်

February 3, 2019

“ရောင်းသူလည်း စေတနာထားနိုင်ကြပါစေ။ ဝယ်သူလည်း မေတ္တာပွားနိုင်ကြပါစေ။”

မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ ဥတုသုံးပါးမှာ ဆောင်းရာသီက ဟင်းသီးဟင်းရွက် သစ်သီးဝလံ အပေါများဆုံးဖြစ်ပြီး အိမ်ရှင်ထီးတွေ၊ အိမ်ရှင်မတွေအနေနဲ့ တနေ့တမျိုး မရိုးအောင် ဝယ်ယူချက်ပြုတ် စားသောက်နိုင်တဲ့ ကာလလည်းဖြစ်ပါတယ်။ တနှစ်တခါဆိုသလို လွတ်လပ်ရေးနေ့ ဒါမှမဟုတ် ပြည်ထောင်စုနေ့တွေမှာ စိုက်ပျိုးရေးဌာနကလည်း သစ်သီးဝလံ ပန်းမန်ပြပွဲတွေ ကျင်းပတတ်တဲ့ ကာလလည်းဖြစ်ပါတယ်။ အသီးအရွက်တွေကလည်း ဈေးထဲသွား မြင်လိုက်ရရင်ကိုပဲ စိုစိုရွှမ်းရွှမ်း လတ်လတ်ဆတ်ဆတ်နဲ့ အသီးအရွက်များများစားသူတွေ အတွက်တော့ ဝယ်ချင့်စဖွယ် ကြိုက်စရာတွေချည်းဖြစ်သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဇနီးဖြစ်သူ အိမ်ရှင်မ နေမကောင်းထိုင်မသာဖြစ်တာနဲ့ အိမ်ရှင်ထီး ကျနော်ကပဲ မီးဖိုချောင် တာဝန်ယူရတယ်။ ဒါနဲ့ မနက်စောစောထ ထမင်းအိုးတည်၊ ဟင်းချက်ဖို့ မနေ့ကတည်းက ဝယ်ထားတဲ့ ကိုက်လန်စည်းတွေကို ရေခဲသေတ္တာထဲက ထုတ်၊ စားပွဲပေါ်တင် နှီးကြိုးလေးဖြည်ပြီး ကိုက်လန်ပင်တွေ ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ ပြဿနာက စတက်ပါတော့တယ်။ ကိုက်လန် ၁ စည်းကို လက်တဆုပ်သာသာလောက် ရှိတယ်။ ဒီတိုင်းကြည့်ရင်တော့ အစည်းက ကြီးပြီး ပေးရတဲ့ ဈေးနဲ့ တန်တယ်ထင်ရတယ်။ ပထမဆုံးကိုင်လိုက်တဲ့ အပင်က ၁ တောင်ကျော်ကျော်။ အဲဒါကို အောက်ခြေ ၁ မိုက်လောက်ကချိုး အစည်းထဲထည့်ကာ ပြန်စည်းထားတယ်။ နောက်အပင်တွေလည်း ဒီအတိုင်းပဲ။ အပင်ကိုခါးချိုး ထည့်တာတင်မဟုတ်သေးဘူး။ အောက်ခြေအရွက်ကြမ်းတွေကိုပါ အစည်းထဲ ညှပ်ထည့်ထားသေးတယ်။ တကယ်တမ်း ဟင်းရွက်သင်လိုက်တဲ့အခါကျတော့ လက်တဆုပ်သာသာရှိတဲ့ ကိုက်လန် ၁ စီးက သင်ပြီးတဲ့အခါကျတော့ အရိုးရင့်လို့ လွှင့်ရတာနဲ့။ အရွက်ကြမ်းလို့ ပယ်ရတာနဲ့ နည်းနည်းသာ ကျန်ခဲ့တယ်။ ကိုက်လန်စည်းတင်လား မဟုတ်ပြန်ဘူး။ ဗူးရွက်စည်းလည်း ထိုနည်းတူပဲ။ ချဉ်ပေါင်စည်းလည်း ဒီအတိုင်းပဲ။ ကန်စွန်းရွက်လည်း ထူးမခြားနားပဲ။ တချို့ဆို အပင်အရင်းအရိုး အရွက်မပါတာတောင် ရှိသေးတယ်။ ဟင်းရွက်တင်လား ဘယ်ကမလဲ။ စီပီကြက်သားဆို ချက်လိုက်ရင် ရေထည့်စရာမလိုဘူး။ ကြက်သားက ရေတွေ သူ့အလိုလို ထွက်ထွက်လာတယ်။ ဒီလိုလုပ်ပြီးရောင်းတာတွေက ဗုဒ္ဓဘာသာအလိုအရဆိုရင် အဒိန္နဒါနကံ၊ မုသာဝါဒကံ မြောက်တယ်ဆိုတာ မေ့လျော့နေကြတယ်။ တချို့လည်း သိသိရက်ရက် စီးပွားရေးအရ ရောင်းနေကြတယ်။ ဒီလိုတွေ ကြုံတွေ့နေရတာက အခုမှမဟုတ်။ မကြာခဏပင်။ ဘာလို့ အခုမှ ဒီအကြောင်းတွေ ရေးသလဲဆိုတော့ မနေနိုင်တော့လို့ အကြံပြုတဲ့အနေနဲ့ ရေးရခြင်းပင်။ ဒါက မူလ ပထမ ကြုံတွေ့ရတာပဲ ရှိသေးတယ်။ နောက်ထပ် ရေးစရာတွေ ကျန်သေး အများကြီး ကျန်သေးတယ်။ ဆက်လက် ဖတ်ရှုကြပါကုန်။ ဟင်းရွက်လေးသင်ပြီး ရေဆေးလို့ ချက်။ ကိုက်လန် အရည်သောက် အဖတ်စားပေါ့။ မီးဖိုချောင်ဝင်တဲ့အခါလေး လက်စွမ်းက ပြချင်သေးတာကလား။ (မနက်လင်း အဆာပြေစား အလုပ်သွား မအားတာနဲ့ရော အိပ်ယာထ နောက်ကျတာကောနဲ့ အိမ်ရှင်ထီးက မီးဖိုချောင် သိပ်မဝင်ဖြစ်ဘူး။) တခါ ကိုက်လန်ချက်နေတုန်း အိမ်ရှေ့ “ပဲသည်” ဆိုပြီး သံရှည်ဆွဲအော်သံကြားလိုက်တာနဲ့ ပဲပြုတ်စားချင်လို့ နေ့စဉ် အိမ်ရှေ့ စက်ဘီးလေးနဲ့ လာလာရောင်းတဲ့ ပဲပြုတ်သည်ဆီက စားတော်ပဲ ၁ ဘူးဝယ်လိုက်တယ်။ ပဲပြုတ်ကို ကြက်သွန်နီ မထူမပါးလေး လှီး၊ နှမ်းဆီစိမ်းလေးလောင်း၊ ဆားလေးသင့်ရုံထည့် ဟင်းတမယ်တိုးပြီပေါ့။ အချဉ်ကလည်း အရင်ရက်က ဝယ်ထားတဲ့ သရက်ချဉ်လေး ရှိတယ်။ အစပ်ကလည်း မြင်ရုံနဲ့ စားချင်စဖွယ် နီနီရဲရဲ ဆီရွှဲရွှဲ ကြက်သွန်ငရုပ်သီးကြော်ရှိထားတယ်။ ဒီနေ့အတွက်တော့ စားမြိန်မယ်ပေါ့။ ကြက်သားချက်ရယ်၊ ကိုက်လန်ရယ်၊ ပဲပြုတ်ရယ်၊ သရက်ချဉ်ရယ်၊ ငရုပ်သီးကြော်ရယ်နဲ့ မနက်စာအတွက် အဆင်သင့်ပေါ့။ အားလုံးအဆင်သင့်ဖြစ်တော့ မိသားစု မနက်စာ စားကြတယ်။ အဲဒီမှာ ကိုက်လန်က ပိုးသတ်ဆေးနံ့ရနေတယ်။ မဟုတ်လောက်ဘူးပေါ့။ နောက်တခါ ပဲပြုတဇွန်းခပ်စားတော့လည်း ပဲသတ်ဆေးနံ့က ရနေပြန်တယ်။ ကိုယ့်နှာခေါင်းကပဲ အနံ့ခံမှားနေသလားပေါ့။ ဒါနဲ့ မဟုတ်သေးပါဘူးဆိုပြီး ကျန်တဲ့သူတွေကော မေးလိုက်တယ်။ ပိုးသတ်ဆေးနံ့ရသလားဆိုတော့ နည်းနည်းရတယ်တဲ့။ ဆိုလိုတာက ကိုယ့်လောက်တော့ မရဘူးပေါ့။ ဒါဆို မစားနဲ့တော့ဆိုပြီး ပဲပြုတ်ကော၊ ကိုက်လန်ကော ထမင်းပွဲကနေ ဘေးဖယ်ထားလိုက်တယ်။ ကျန်တဲ့ ၃ မယ်နဲ့ စားမယ်ပေါ့လေ။ ကြက်သားစားတော့လည်း အသားက ပွတတ၊ ဖော့တော့တော့။ ရေဆေးသုပ်ထားတဲ့ သရက်ချဉ် ဖြူဖြူလေးကလည်း ခါးတားတားဖြစ်နေပြန်တယ်။ မစားသင့်ဘူးထင်လို့ ဆက်မစားတော့ဘူး။ ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ အဆင့်သင့်ကြော်ရောင်းတဲ့ ငရုပ်သီးကြော်ကလည်း ဝယ်တုန်းက ဆီနီနီရဲရဲ အခုတော့ ဆီလေးတွေက ခဲလို့။ အချိုမှုန့်ချောင်းလေးတွေလည်း ဟိုနားတစ ဒီနားတစ မြင်ရရဲ့။ တခါတလေမှ မီးဖိုချောင်ဝင်ရတဲ့ အိမ်ရှင်ထီးရဲ့ ကြိုးစားအားထုတ်ထားတဲ့ မနက်စာထမင်းဝိုင်းလေးက ဟိုဟင်းဖယ်၊ ဒီဟင်းဖယ်နဲ့ အရသာမရှိဘဲ ခြောက်ကပ်ကပ်ဖြစ်သွားရတယ်။ ဒါ…. အိမ်ရှင်ထီးကြောင့်လား၊ ဈေးသည်တွေကြောင့်လား၊ ဆင်းရဲလို့လား။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးက အလုပ်မလုပ်လို့လား၊ စိုက်ပျိုးထုတ်လုပ်သူတွေကြောင့်လား၊ ဈေးကွက်ကြောင့်လား၊ ဘာကြောင့်လဲ၊ ဘယ်သူ့ကြောင့်လဲ၊ ဝိုင်းဝန်းစဉ်းစား အဖြေရှာကြဖို့ အရေးကြီး လိုအပ်နေလေပြီ။ ဟိုတလောက ဖေ့စ်ဘွတ်ခ်မှာ သတင်းတခု ဖတ်လိုက်ရသည်။ ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၄၀၀ လောက်နေ့စဉ် အသည်းနဲ့ ပတ်သက်တဲ့ရောဂါ ကူးစက်ခံနေရပြီး နေ့စဉ် လူဦးရေ ၄ ထောင်လောက်ကလည်း အသည်းကြောင့် သေဆုံးနေတယ်လို့ တွေ့လိုက်ရတယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအပြင် အရက်သောက်၊ ကိုယ်လက်လှုပ်ရှားနည်း၊ ဓာတုဓာတ်ကြွင်းတွေများတဲ့ အသီးအနှံတွေစားတာ၊ အသင့်စားအစားသောက်တွေ စားသုံးတာကနေလည်း အသည်းအဆီဖုံးတာတွေ အတွေ့ရများလာတယ်လို့ ဖော်ပြထားတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင် ရောဂါရမှုမှာ ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဆိုထားပြန်ပါတယ်။ တချို့ဆို အသီးအရွက်များများစာလေ ကျန်းမာလေဖြစ်ရမယ့်အစား မြန်မြန်သေလေလို့တောင် ဆိုကြတယ်။ ကျန်းမာခြင်းသည် လာဘ်တပါးလို့ ပြောစမှတ်ပြုကြတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေကြောင့် ရောဂါဘယတွေ ထူပြောလာတယ်။ မနက်လင်းတာနဲ့ လက်ဖက်ရည်ဆိုင်သွား ဆိုးဆေးပါတဲ့ လက်ဖက်ရည်သောက်၊ အထပ်ထပ် အပြန်ပြန်သုံးပြီးသား ဈေးပေါပေါ စားအုန်းဆီနဲ့ ကြော်ထားတဲ့ မုန့်စားပြီး နေ့စဉ်အမှုပြုတတ်ကြတယ်။ ဘယ်မှာ ရောဂါမရဘဲ နေမှာလဲ။ စိုက်ပျိုးရေးဘက်ကို လှည့်ရရင်လည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ မှတ်ပုံတင်ထားတာကော၊ တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးတွေကော ပေါပေါများများ တွေ့နိုင်သလို ပေါပေါများများလည်း သုံးစွဲနေကြတယ်။ မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးဥပဒေကို ၂၀၁၆ ခုနှစ်၊ မြေသြဇာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၅ ခုနှစ်၊ မျိုးစေ့ဥပဒေကို ၂၀၁၁ ခုနှစ်တွေမှာ အသီးသီးပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ဥပဒေကို အကောင်အထည်ဖော်မှုအပိုင်းမှာတော့ အားနည်းနေဆဲ ရှိနေသေးတယ်။ အဓိကအားဖြင့် ဥပဒေမှာ ပါထားတာက တောင်သူတွေ အလွယ်တကူ ဖတ်လို့ရမယ့် မြန်မာလို ရေးထားတဲ့ အညွှန်းတွေ ပါရမယ်ဆိုတာ ပါတယ်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြတဲ့ တောင်သူ ဦးကြီးတွေမှာလည်း ဆေးကို အကြိုက်သုံးနေကြပေမယ့် ပိုးသတ်ဆေးမှာပါတဲ့ အညွှန်းတွေအတိုင်း လိုက်နာတာတော့ အတော့်ကို ရှားပါးနေတယ်။ အထူးသဖြင့် မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြဆဲဖြစ်တယ်။ ရာသီတိုင်း၊ နေရာတိုင်း၊ တောင်သူတိုင်း၊ စိုက်ပျိုးတိုင်း ဓာတုဆေးတွေကို မသုံးတာ မရှိသလောက်တောင် ဖြစ်နေပြီ။ စိုက်ပျိုးရေးမှာ ဓာတုဆေးမသုံးရင် သီးနှံက အထွက်နည်းသလို အရောင်အဆင်းလည်း မလှတော့ မဖြစ်မနေ သုံးစွဲရတဲ့ အနေအထားဖြစ်နေပြီး အရင်က သုံးစွဲခဲ့တဲ့ သဘာဝမြေသြဇာကလည်း အင်မတန်ရှားပါးလာပြီ။ အော်ဂဲနစ်ဆိုတာ မရှိသလောက်တောင်ဖြစ်နေပြီ။ အခုနောက်ပိုင်း တောင်သူတွေကြား အပြောများလာတဲ့ စိုက်ပျိုးရေးနည်းစနစ်တခုရှိလာတယ်။ ဒါကဘာလဲဆိုတော့ GAP (Good Agricultural Pratice) ခေါ်တဲ့ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းဆိုတာပဲ။ ဒီစနစ်မှာကျတော့ ဓာတုဆေးတွေသုံးလို့ရတယ်။ လိုသလောက်ပဲသုံးရမယ်။ အညွှန်းအတိုင်းပဲ သုံးရမယ်။ သတ်မှတ်ချိန်အတွင်း မခူး၊ မဆွတ်ရ ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိသလို ဈေးကွက်မှာလည်း တခြားသီးနှံတွေထက် ဈေးကောင်းပိုရတယ်လို့ ဆိုတယ်။ GAP သီးနှံအတွက်ကတော့ မြန်မာ့စိုက်ပျိုးရေးလောကမှာ အတော်ကို ကြိုးစားရဦးမှာဖြစ်တယ်။ အဆင့်တွေလည်း အများကြီးရှိသလို ငွေကုန်ကြေးကျလည်း များတယ်လို့ သိရတယ်။ စိုက်ပျိုးရေး အသိပညာတွေကလည်း တောင်သူတွေနားထဲရောက်ဖို့ အများကြီး လုပ်ဖို့ လိုနေပါသေးတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမလို့ပဲ ပြောပြော လူသားဆန်မှုလို့ပဲပြောပြော စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူဦးကြီးတွေအနေနဲ့လည်း စိုက်ပျိုးရေးမှာ စေတနာလေးထည့်ပြီး စိုက်ပျိုးကြမယ်ဆိုရင် ကုသိုလ်လည်းရ။ ဝမ်းလည်း ဝ ဖြစ်မယ်။ ဘယ်လိုစေတနာတွေ ထားလို့ရမလဲ။ တောင်သူတွေမှာ စိုက်ပျိုးတော့မယ် ဆိုကတည်းက ဝယ်သူလာရောင်းနိုင်အောင်၊ တောင်းသူလာ ပေးနိုင်အောင် စိုက်ပျိုးသမျှမျိုးစေ့အားလုံး ရှင်သန်ကြပါစေ။ အသီးအနှံတွေလည်း ဖြစ်ထွန်းကြပါစေလို့ စေတနာကို ရှေ့တန်းတင်ကာ ရှေးတောင်သူကြီးတွေကတော့ ပါးစပ်က ရွတ်ဆိုကြတယ်။ ကိုယ်စိုက်ပျိုးလို့ ထွက်ရှိလာတဲ့ အသီးအနှံတွေစားသုံးသူမှန်သမျှ အာဟာရပြည့်ဝကြပါစေ။ ရောင်းသူတွေလည်း ကိုယ့်အသီးအနှံကြောင့် စိတ်ချမ်းသာကြပါစေ။ မျက်နှာပန်းလှကြပါစေဆိုပြီး စေတနာကို ရှေ့တန်းတင် ကုသိုလ်ပွားပြီး စိုက်ပျိုး ရောင်းချကြဖို့လိုသလို ကိုယ်စိုက်ပျိုးတဲ့ သီးနှံမှာ သီးနှံအထွက်နှုန်းကောင်းဖို့၊ အရောင်အဆင်းလှဖို့သုံးစွဲတဲ့ ဓာတုဆေးတွေကြောင့် ဘေးဥပါဒ်မဖြစ်စေရေးကိုလည်း အလေးထားနိုင်ကြဖို့ လိုတယ်။ ဒါသည် အစိုးရက ဥပဒေပြဋ္ဌာန်းဖို့ မလိုတဲ့ ကိုယ်တိုင်ကျင့်ကြံ လိုက်နာနိုင်တဲ့ လောက နိယာမ ဥပဒေသတွေပဲဖြစ်တယ်။ စိုက်ပျိုး ရောင်းချသူတွေနည်းတူ စားသုံးသူတွေမှာလည်း မေတ္တာပွားနိုင်ကြဖို့ လိုတယ်။ ကိုယ်မစိုက်ပျိုးနိုင်လို့ သူများစိုက်ပျိုးတဲ့ အသီးအနှံတွေကို အလွယ်တကူ ဝယ်ယူစားသောက်နိုင်တာ။ အများသူငှာ လွယ်လွယ်ကူကူစားသောက်နိုင်အောင် အသီးအနှံနဲ့ ဆက်စပ်သမျှ အပင်ပန်းခံပြီး စိုက်ပျိုးပေးကြတဲ့ တောင်သူဦးကြီးတွေ၊ ရောင်းချပေးကြတဲ့ ဈေးသည်တွေကိုလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားနိုင်ကြမည်ဆိုလျှင်ဖြင့် လူတိုင်း သက်ရှည်ကျန်းမာစွာနဲ့ သက်တမ်းစေ့ အသက်ရှင်နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ အစားတလုပ်ကြောင့် ဘေးမဖြစ်ဖို့၊ အစားတဆုပ်ကြောင့် ဘေးမသင့်ဖို့ တဦးစီ တယောက်စီတိုင်း ကဏ္ဍအလိုက် အလေးထားကြဖို့ လိုအပ်နေတယ်ဆိုတာကို အတွေ့အကြုံကနေ ရရှိတဲ့ အတွေးတွေကို တင်ပြလိုက်ရပါတယ်။ လူတိုင်း သက်ရှည်ကျန်းမာပြီး ဘေးဘယာတွေ ကင်းဝေးကြပါစေ။ လေးစားစွာဖြင့် အောင်ကိုလတ်
2 years Ago
Up