ရေလွှမ်းပျက်စီး

August 8, 2018

ပဲခူးတိုင်းတွင် မိုးရွာသွန်းမှုကြောင့် စပါးစိုက်ဧက ၁ သိန်းခွဲခန့် ရေလွှမ်းပျက်စီး

ပဲခူးတိုင်းထဲမှာ မိုးသည်းသည်းထန်ထန်ရွာလို့ စပါးစိုက်ဧက ၁ သိန်းခွဲလောက် ရေလွှမ်း ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိမှာလည်း ဧက ၃ သိန်းလောက် ရေလွှမ်းခံနေရတုန်း ဖြစ်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ မိုးရွာရေလွှမ်းလို့ တောင်သူပေါင်း ၁ သိန်းလောက်ရဲ့ မိုးစပါးစိုက်ခင်းတွေကို ရေလွှမ်းခံခဲ့ရတာပါ။ ပဲခူးတိုင်းမှာ မိုးစပါးစိုက်ဧက ၉၄၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်ကျော် ဧက ၅ သိန်းလောက်ကို ရေလွှမ်းခံခဲ့ရပါတယ်။ လက်ရှိမှာ ဧက ၂ သိန်းကျော်ပဲ ပြန်ပေါ်သေးပြီး ကျန်တဲ့ စိုက်ခင်းတွေအားလုံး ရေလွှမ်းခံနေရတုန်း ဖြစ်ပါတယ်။ မနေ့ကအထိ စာရင်းတွေအရ ဧက ၈၆,၀၀၀ ကျော်ထိခိုက်ပြီး ၅၈,၀၀၀ လောက် ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် ဧက ၄ သောင်းလောက်ကို ပြန်စိုက်ထားပြီလို့လည်း တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ မနေ့ကတော့ တိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့က လုပ်ငန်းညှိနှိုင်း အစည်းအဝေး လုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ စာရင်းကောက်ယူရာမှာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့လိုပြီး မိုးစပါး ပျက်စီးဧကတွေကို အစားထိုးပြန်လည် ကုစားပေးနိုင်မယ်လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆိုပါတယ်။ ပဲခူးတိုင်းမှာ မနှစ်ကလည်း မိုးကြီး ရေလွှမ်းလို့  မိုးစပါး၊ နှမ်း၊ မြေပဲနဲ့ တခြားစိုက်ခင်းပေါင်း ဧက တသိန်းကျော် ပျက်စီးခဲ့ပါတယ်။ ရေကြီးရေလျှံလို့ မနေ့ကအထိ ပဲခူးတိုင်း မြို့နယ် ၅ ခုမှာ လူပေါင်း  ၈၀၀၀ ကျော်ဟာ ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။
5 years Ago
Up