ရေယာဉ်များ ဘေးကင်းရေး ရေကြောင်းပြအမှတ်အသား ၄ မျိုးကို ယာဉ်မောင်းသူများအား ရှင်းလင်း

August 26, 2018

ရေယာဉ်များ ဘေးကင်းရေး ရေကြောင်းပြအမှတ်အသား ၄ မျိုးကို ယာဉ်မောင်းသူများအား ရှင်းလင်း

ရေယာဉ်တွေ ဘေးကင်းစွာ သွားလာနိုင်ဖို့အတွက် မင်းကွန်-စစ်ကိုင်း ရေလမ်းမှာ ချထားမယ် ရေကြောင်းပြအမှတ်အသား (Light Buoy) လေးမျိုးရဲ့ အဓိပ္ပာယ်ညွှန်ပြမှုတွေနဲ့ ပတ်သက်ပြီး သြဂုတ် ၂၅ ရက် မနက်ပိုင်းက မန္တလေးမြို့ကမ်းနားလမ်းရှိ Ayarwaddy River View Hotel မှာ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ “ရေကြောင်းပြ အမှတ်အသားတွေရဲ့ အဓိပ္ပာယ်ညွန်ပြမှုတွေကို ရေယာဉ်မောင်းတွေ သိရှိစေဖို့ ဒီကနေ့ ခေါ်ယူရှင်းလင်းဆွေးနွေးတာပါ။ အခုလက်ရှိက ရေများနေချိန် ဖြစ်တဲ့အတွက် ကနဦးအနေနဲ့ မင်းကွန်-စစ်ကိုင်း ရေလမ်းမှာ သြဂုတ်လ ၂ဝ ရက်က ရေကြောင်းပြ အမှတ်အသား အခု ၂ဝ ကို စတင်ချထားနေပါပြီ။ ဒီနှစ်ထဲ မန္တလေး-ညောင်ဦး ရေလမ်းကို အပြီးချထားမှာပါ” လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရေလမ်းညွန်ဌာနခွဲ (အထက်မြန်မာပြည်) ဒုညွန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောပါတယ်။ အန္တရာယ်ပြအမှတ်အသား (Danger Mark)၊ ဝဲ/ယာထားသွားပြအမှတ်အသား (Mid Fairway Mark)၊ လက်ယာထားသွားပြအမှတ်အသား (Starboardhand Mark)၊ လက်ဝဲထားသွားပြအမှတ်အသား (Porthand Mark) စတဲ့ ရေကြောင်းပြအမှတ်အသား (Light Buoy) လေးမျိုးနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေကို ကျောက်ဆောင်တွေ သဲသောင်တွေ အစရှိတဲ့ ဘေးအန္တရာယ်ရှိသည့် နေရာများမှ ကင်းဝေးစွာ သွားလာနိုင်စေဖို့ ရေကြောင်းပြအမှတ်အသားများ (Light Buoys) ချထားခြင်းဖြစ်ပါတယ်။ “အခုလို စီမံကိန်းလုပ်တာ ကောင်းပါတယ်။ သဘောကျပါတယ်။ ဧရာဝတီမြစ်ကြောင်းက အမြဲတမ်းရေကြောင်း အပြောင်းအလဲရှိပါတယ်။ ဒီလို ရေကြောင်း အပြောင်းအလဲတွေရှိတော့ ရေကြောင်းပြအမှတ်အသားချတဲ့အခါ အခက်အခဲရှိလာနိုင်ပါတယ်။ အရင်တုန်းကလည်း ဒီလို စီမံကိန်းပုံစံမျိုးနဲ့ ချထားဆောင်ရွက်ဖူးတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာ အမှိုက်တွေ ပေါတဲ့အတွက် ရေကြောင်းပြအမှတ်အသားတွေကို အမှိုက်တွေနဲ့ မျှောသွားတာတွေရှိဖူးတယ်။ ဒီကိစ္စတွေကို ထည့်တွက် စဉ်းစားပြီးတော့ သေချာ လုပ်စေချင်ပါတယ်” လို့ မန္တလေး-ပြည် ရေလမ်းတွင် မောင်းနှင်နေသော ရေယာဉ်မှူး ဦးဒူမော်က ပြောသည်။ ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း၊ လုပ်ငန်းစဉ်(၃) ရေလမ်းကောင်းမွန်ရေး ဆောင်ရွက်ခြင်းအစီအစဉ်မှာ မန္တလေး-ညောင်ဦး ရေလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို အမေရိကန် ဒေါ်လာ ၂ သန်းလောက် အသုံးပြုပြီး မန္တလေး-ညောင်ဦး ရေလမ်းမှာ ရေကြောင်းပြအမှတ်အသား  ၂၁၆ ခု ချထားမှာပါ။ ဒီစီမံကိန်းကို ယခုနှစ် နိုဝင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိက ရေများနေချိန်ဖြစ်တဲ့အတွက် ကနဦးအနေနဲ့ မင်းကွန်-စစ်ကိုင်း ရေလမ်းမှာ သြဂုတ် ၂ဝ ရက်က ရေကြောင်းပြအမှတ်အသား အခု ၂ဝ ခုကို စတင်ချထားတယ်လို့ သိရပါတယ်။ သတင်း - သော်တာ
5 years Ago
Up