ရေဖုံးလွှမ်း

August 20, 2017

မြစ်ရေမြစ်တက်မှုကြောင့် တံတားဦးနှင့်အမရပူရ မြို့နယ်တို့တွင် ရေဖုံးလွှမ်း

ဧရာဝတီမြစ်ရေနဲ့ ဒုဌဝတီမြစ်ရေ တက်လာတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်နဲ့ အမရပူရမြို့နယ်တွေက ကျေးရွာအတော်တော်များများ ရေဖုံးလွှမ်းမှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။ သြဂုတ် ၁၈ ရက်နေ့ ညပိုင်းက စတင်ကာ ရေ၀င်ရောက်ခဲ့တာဖြစ်ပြီး ဒေသခံတချို့ကတော့ ကုန်းမြင့်ပိုင်းနေရာတချို့ကို စတင်ပြောင်းရွှေ့နေကြပါတယ်။ တံတားဦးမြို့နယ်မှာ အင်းဝမြို့ဟောင်းအနီးက ဥတည်ကျေးရွာအုပ်စုနဲ့ ဟံသာဝတီကျေးရွာအုပ်စုက ကျေးရွာတော်တော်များများ ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အခုလို မြစ်ရေတွေမြင့်တက်လာတာကြောင့် ကျေးရွာတချို့က သက်ကြီးရွယ်အိုတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေရသလို ကျေးရွာတာဝန်ရှိသူတွေအနေနဲ့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားတင်ပြထားတယ်လို့ ဥတည်ကျေးရွာအုပ်စုမှာနေထိုင်တဲ့ ဒေါ်သန်းတင်က ပြောပါတယ်။ ရေလွှမ်းမိုးမှုဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားနေတာဖြစ်ပြီး လာမယ့် သုံးရက်အတွင်း ပိုမိုဆိုးရွားနိုင်တယ်လို့ ဥတည်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။ ဓာတ်ပုံ - အောင်အောင်
6 years Ago

October 22, 2016

စစ်ကိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ် ၁၀ ရပ်ကွက် ရေဖုံးလွှမ်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီနေ့မနက်ပိုင်းက ၅ နာရီကျော်ကြာ မိုးသည်းထန်စွာရွာ သွန်းတာကြောင့် မြို့ပေါ် ၁၈ရပ်ကွက်ရှိတဲ့အနက် ၁၀ရပ်ကွက် ရေဖုံးလွှမ်းခဲ့ ပါတယ်။ မနက် ၇ နာရီလောက်က သည်းကြီးမဲကြီးရွာချခဲ့တဲ့မိုးဟာ ၁၂ နာရီခွဲလောက်မှာမှ ရပ်တန့်သွားခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးခဲ့တာပါ။ စစ်ကိုင်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက မိုးကြီးတာနဲ့ မြို့ရေထွက်ပေါက်တွေ ပိတ်နေတာကြောင့် ရေကြီးခဲ့တာလို့ ပြောပါတယ်။ “မိုးကြီးတဲ့အခါကျတော့ ခုနက ပြောတဲ့ ရေစီးရေလာ မကောင်းတာပေါ့နော်၊ ရေထွက်ပေါက်တွေ ပိတ်နေတာ။ မြောင်းတွေက မြေတွေဖို့ပြီးတော့ အိမ်တွေဆောက်ကြတဲ့အခါကျတော့ ပိတ်ကုန်တာပေါ့ဗျာ၊ အဲ့ဒါကြောင့် ရေက မထွက်နိုင်တာ။” မိုးလေ၀သဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ တိမ်စွယ်တန်းတွေကြောင့် ဒေသအလိုက် မိုးကြီးခဲ့တာလို့ ပြောပါတယ်။ ဓာတ်ပုံ - Silver Heart
6 years Ago
Up