ရေပန်းစားနေသည့် ၆၄ နှစ်အရွယ် အဖိုးအိုနှင့် မသန်စွမ်း လူပုမိန်းကလေးတဦးတို့၏ မင်္ဂလာပွဲ

February 16, 2017

ရေပန်းစားနေသည့် ၆၄ နှစ်အရွယ် အဖိုးအိုနှင့် မသန်စွမ်း လူပုမိန်းကလေးတဦးတို့၏ မင်္ဂလာပွဲ (ရုပ်သံ)

အသက် ၆၄ နှစ်အရွယ်ရှိ ထိုင်းအဖိုးအိုတဦးနဲ့ မသန်စွမ်း လူပုမိန်းကလေးတဦးတို့ရဲ့ မင်္ဂလာပွဲဟာ လတ်တလော ထိုင်းအင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။ အဖိုးအို ဘန်ချာဆာဘန်သမ်ဟာ  အယုဒ္ဒယတက္ကသိုလ်မှ လုံခြုံရေးဝန်ထမ်းတဦးဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် မသန်စွမ်းမိန်းကလေး ဂျာရွန်ဆရီ ဆီရိမန်ထာနဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တာ ကာလတည်းက တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ သူတို့ ၂ ဦးလုံးရဲ့ ကာလရှည်ကြာ ခိုင်မြဲခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ လက်ထပ်ထိမ်းမြားမှုနဲ့ ချည်နှောင်နိုင်ခဲ့ပါပြီ။ သူတို့ စတင်တွေ့ဆုံခဲ့ချိန်မှာ ဘန်ချာဟာ လက်ထပ်ခဲ့ပြီးသား အရွယ်ရောက်ပြီး ကလေး ၃ ယောက်ရဲ့ ဖခင်တဦးဖြစ်ကာ ဇနီးဖြစ်သူနဲ့ ကွာရှင်းထားခဲ့တာပါ။ အဲဒီနောက် သူဟာ တခြားအမျိုးသမီးတဦးနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပြီး နောက်မှာမှ အဲဒီအမျိုးသမီးမှာ အိမ်ထောင်ရှိနေမှန်း သိလိုက်ရပြီး စိတ်ပျက်နေခဲ့ချိန်မှာ သူလုပ်နေရာအလုပ်ထဲကို အလုပ်လာလျှောက်တဲ့ ဂျာရွန်ဆရီနဲ့ စတင်သိကျွမ်းခဲ့ပါတယ်။ ဂျာရွန်ဆရီဟာ အဖိုးအိုရဲ့ လက်ရှိအခြေအနေအပေါ် နားလည်ခံစားပေးခဲ့ပြီး ကရုဏာသက်ခဲ့ကာ ဖေးဖေးမမ ဆက်ဆံမှုတွေကြား ၂ ဦးလုံး ရင်းနှီးလာခဲ့ကြကာ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ ဂျာရွန်ဆရီဟာ မွေးကတည်းက ခုလိုချွတ်ယွင်းချက်နဲ့ မွေးဖွားလာခဲ့တာတော့ မဟုတ်ပါဘူး။ သူ့အသက် ၉ နှစ်အရွယ်မှာ ခြေတွေလက်တွေဟာ ဆက်လက်ကြီးထွားမလာတော့ဘဲ လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရတာပါ။ သူတို့ဟာ လက်ထပ်မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့် အဖိုးအို ဘန်ချာရဲ့ အလုပ်က မအားလပ်တဲ့အတွက် နောက်ရက်ကို ရွှေ့ခဲ့ရတာပါ။ ထိုင်းရိုးရာမင်္ဂလာပွဲပုံစံ ဆင်ယင်ကျင်းပတဲ့ ဒီမင်္ဂလာပွဲကို နန်းဖာဆလွန်း အမည်ရတဲ့ အယုဒ္ဒယအခြေစိုက် လေဒီဘွိုင်းအဖွဲ့တဖွဲ့က စီစဉ်ပေးခဲ့တာဖြစ်ပြီး သတို့သား၊ သတို့သမီးတွေကို ဝတ်စုံနဲ့ မိတ်ကပ်အခမဲ့ ပြင်ဆင်ပေးခဲ့တာပါ။ ဒီပွဲမှာ သတို့သားအဖိုးအို ဘန်ချာဟာ သတို့သမီးကို ၉၉၉ ဘတ်နဲ့ ရွှေဆွဲကြိုးတကုံး တင်တောင်းခဲ့တာပါ။ ဆန်းကြယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ လက်ထပ်ခဲ့ကြတဲ့ ဒီမင်္ဂလာပွဲပုံတွေကို အကြိမ်ရေ ၆ သောင်း ၄ ထောင်နီးပါး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မျှဝေခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up