ရေနံတွင်း

April 27, 2018

အင်ဒိုနီးရှား တရားမဝင် ရေနံတွင်း မီးလောင်မှု သေဆုံးသူ ၂၁ ဦးရှိပြီ

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဧပြီ  ၂၅ ရက်နေ့က တရားမဝင် ရေနံတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၂၁ ဦးရှိပြီဖြစ်ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ ကုသထားရပါတယ်။ လျှံထွက်နေတဲ့ ရေနံတွေကို သွားရောက်ခပ်ယူရာကနေ အခုလိုမျိုး မီးလောင်ဒဏ်ရာ ရခဲ့ကြတာပါ။ “အလုပ်နားချိန် ကော်ဖီဆိုင်မှာ ထိုင်နေတုန်း ကျနော့်သူငယ်ချင်းတွေက ဘာလို့ ရေနံတွင်းကို မသွားတာလဲ မေးတယ်။ နောက် ၁၅ မိနစ် လောက်ကျရင် သွားမယ်လို့ ပြောနေချိန်မှာပဲ စပရေးနဲ့ ဖျန်းသလို မီးလောင်တယ်။ ပြီးတော့ ပေါက်ကွဲတယ်”  လို့ အသက်ရှင် လွတ်မြောက်ခဲ့သူ ရေနံတွင်း လုပ်သားက ပြောခဲ့ပါတယ်။ ရေနံတွင်း မီးလောင်မှုကြောင့် အာချေးဆေးရုံကို ရောက်လာတဲ့ မီးလောင်ဒဏ်ရာရ လူနာတွေကို ဆေးရုံဝန်ထမ်းတွေဟာ ကြိုးစားကုသနေကြပါတယ်။ “မှန်ပါတယ်။ ခွဲစိတ်မယ့် ပစ္စည်းပစ္စယက အကန့်အသတ်နဲ့မို့ လူနာတွေ စောင့်နေရပါတယ်။ လူနာအများစုက မီးလောင်ဒဏ်ရာရတာပါ။ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်က မီးလောင်ဒဏ်ရာရကြတာပါ” လို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ ရေနံတွင်းမှာ လောင်တဲ့ အဲဒီမီးကို မီးသတ်သမားတွေဟာ မှောင်တဲ့အထိ ငြှိမ်းသတ်ခဲ့ကြရပါတယ်။ ရဲတပ်ဖွဲ့ အကြီးအကဲက အဲဒီရေနံတွင်းမီးဟာ စည်းကမ်းမဲ့ ဆေးလိပ်သောက်သူ တဦးကြောင့် စတင်လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago
Up