ရေနံတူးစင်မီးလောင်

December 7, 2015

ကက်စ်ပီယံပင်လယ်ထဲမှ ရေနံတူးစင် မီးလောင်၊ လူ ၁ ဦးသေဆုံး ၃၀ ခန့်ပျောက်ဆုံး

ကက်စ်ပီယံပင်လယ်ထဲက ရေနံတူးစင်တခု မီးလောင်ခဲ့လို့ အဇာဘိုင်ဂျန် အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေရပါတယ်။ မီးလောင်မှုကြောင့် လုပ်သားတဦး သေဆုံးပြီး တခြား အယောက် ၃၀ လောက် ပျောက်ဆုံးနေပါတယ်။ ရေနံတူးစင်ကို လုပ်နေတဲ့ အဇာဘိုင်ဂျန်နိုင်ငံက အစိုးရကုမ္ပဏီ SOCAR ရဲ့ ဒု-ဥက္ကဋ္ဌက ရေနံတူးစင် ပေါက်ကွဲမီးလောင်မှုဟာ ဓာတ်ငွေ့တွင်းထဲက ဓာတ်ငွေ့တွေကို တွင်းတူးစင်ပေါ်ပို့တဲ့ ပိုက်တွေထဲကတခု လှိုင်းရဲ့အားကို မခံနိုင်လို့ မီးလောင်ပေါက်ကွဲခဲ့တာလို့ ဒီဇင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာကို ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က ကက်စ်ပီယံ ပင်လယ်အတွင်း လေပြင်းတိုက်ချိန်မှာ အဇာရီ ရေနံတူးစင် မီးလောင်ခဲ့တာပါ။ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ရေနံမြေအတွင်း ရေနံတူးစင်က ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်၊ ရှင်သန်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက် ပျောက်ကွယ်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ညတွင်းချင်းမှာပဲ လုပ်သား ၃၂ ဦး သေဆုံးပြီး ၄၂ ဦးကို ကယ်ဆယ်ခဲ့တယ်လို့ ရေနံလုပ်သားများ အခွင့်အရေး ကာကွယ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌက ဒီဇင်ဘာ ၅ ရက်နေ့က ပြောပါတယ်။ ရေနံတွင်း ၂၈ တွင်းကို ချိတ်ဆက်ထားတဲ့ ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းထားပါတယ်။ ဘေးကင်းရေး ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရေနံတူးစင်နဲ့ မြေပြင်ကို ဆက်သွယ်ထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ အားလုံးကို ပိတ်ဆို့ထားတယ်လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီမတော်တဆမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ အထူးကော်မရှင်ဖန်တီးဖို့ အဇာဘိုင်ဂျန် သမ္မတက အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ မတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ SOCAR ကုမ္ပဏီရဲ့ ရေနံနဲ့ ဓာတ်ငွေ့တူးစင်တွေမှာ ၂၀၁၄ ခုနှစ်အတွင်း မတော်တဆမှုတွေကြောင့် လုပ်သား ၁၄ ဦး သေဆုံးခဲ့ပါတယ်။
6 years Ago
Up