ရေနံ

July 11, 2019

ရေနံထွက်ကုန်ထုတ်လုပ်မှု လျှော့ချရေးက ဈေးနှုန်းတည်ငြိမ်ရေး ကူညီနိုင်မည်ဟု အီရတ် ပြော

ရေနံရောင်းချတဲ့ နိုင်ငံများအသင်း အိုပက်အဖွဲ့ဝင် နိုင်ငံတွေအကြား ရေနံထွက်ကုန် ထုတ်လုပ်မှုကို ၂၀၂၀ မတ်လကုန်ထိ လျှော့ချရေး သဘောတူညီချက်ဟာ ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်ပြီး ဈေးကွက်ကို တည်ငြိမ်အောင်လုပ်ရာမှာ ကူညီလိမ့်မယ်လို့ အီရတ် ရေနံဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ အီရတ်မြို့တော် ဘဂ္ဂဒက်က စွမ်းအင်ညီလာခံအတွင်း အခုလို ပြောလိုက်တာပါ။ ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ အိုပက်ရဲ့ ရပ်တည်ချက်ကို မေးရာမှာတော့ ရေနံတစည်ကို အမေရိကန်ဒေါ်လာ ၇၀ ဒါမှမဟုတ် သူ့ထက်ပိုတဲ့ဈေးက လက်ခံနိုင်တဲ့ ဈေးနှုန်းလို့ ယေဘုယျ ရှုမြင်ထားတဲ့အကြောင်း ဝန်ကြီး သာမီယာ အယ်လ် ဟာဒါဘန်က ပြောပါတယ်။ ရေနံထုတ်လုပ်သူအုပ်စုဟာ ဈေးနှုန်းကို ထုတ်လုပ်သူတွေရော စားသုံးသူတွေအတွက်ပါ မျှတတဲ့ဈေးနှုန်းဖြစ်ဖို့ ကြိုးစားထားတယ်လို့လည်း ပြောပါတယ်။ လောလောဆယ် ရေနံစိမ်းတစည်ကို အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ ပေါက်ဈေးရှိပါတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အမေရိကန်က ရေနံထုတ်လုပ်မှု တိုးနေချိန်မှာ အိုပက်အဖွဲ့နဲ့ ရုရှားဦးဆောင်တဲ့ မိတ်ဘက် ရေနံထုတ်လုပ်သူတွေဟာ ရေနံထုတ်လုပ်မှု လျှော့ချဖို့ ဒီလထဲမှာ သဘောတူခဲ့ပါတယ်။ အိုမန်ပင်လယ်ကွေ့၊ အာရပ်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားတို့မှာ သွားလာရေး ချောမွေ့ဖို့နဲ့ အနှောင့်အယှက်ကင်းကင်း လွတ်လွတ်လပ်လပ် ရေကြောင်းသွားလာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ မေလက အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတိုးအပြီး ရေနံတင်သင်္ဘော ၆ စီး တိုက်ခိုက်ခံရလို့ ဒေသတွင်း မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။
2 years Ago

July 3, 2019

ရေနံလျှော့ချထုတ်လုပ်ရန် အိုပက်နှင့်ရုရှားဦးဆောင်သည့် နိုင်ငံများ သဘောတူ

၂၀၂၀ ပြည့်နှစ် မတ်လ မတိုင်မီအထိ ရေနံလျှော့ချထုတ်လုပ်ဖို့ အိုပက်နဲ့ ရုရှားဦးဆောင်တဲ့ မဟာမိတ်တွေက ဇူလိုင် ၂ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။  ဒီလိုလုပ်တာဟာ ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အမေရိကန်နိုင်ငံ ထုတ်လုပ်မှု မြင့်တက်နေချိန်မှာ  ရေနံစိမ်းဈေးနှုန်း မြင့်တက်အောင် ကြိုးပမ်းတာပါပဲ။ အမေရိကန် ယှဉ်ပြိုင်မှု မြင့်တက်နေချိန် ရေနံစိမ်း ဈေးနှုန်းကျဆင်းတာကို ကာကွယ်ဖို့အတွက်  OPEC+ လို့ ထင်ရှားတဲ့ မဟာမိတ်အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က စပြီး ရေနံလျှော့ချထုတ်လုပ်နေပါတယ်။  အခုဆိုရင် အမေရိကန်ဟာ ရုရှားနဲ့ ဆော်ဒီအာရေးဘီးယားကို ကျော်ပြီး ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သူ ဖြစ်လာပါပြီ။  အမေရိကန်အစိုးရက အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလား နဲ့ အီရန်တို့အပေါ် အရေးယူဒဏ်ခတ်ခဲ့ပြီးနောက် ရေနံစိမ်းစံချိန်ဟာ ဒီနှစ်မှာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ကာ အိုပက်ရဲ့ ရေနံတင်ပို့မှု လျော့ကျခဲ့ပါတယ်။  ဒါကြောင့် ဆော်ဒီရေနံဝန်ကြီး ခါလစ်အယ်ဖာလီက အိုပက်အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့  အဖွဲ့ရဲ့ တာဝန်တွေကျေအောင် ရေနံလျော့ထုတ်ဖို့ ရာနှုန်းပြည့် သဘောတူခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
2 years Ago
More News
Up