ရေနဂါးမျိုးစိတ်သစ်တခုကို သက်ရှိထင်ရှား သဘာဝအတိုင်း တွေ့ခဲ့ရတဲ့ ရုပ်သံကို ဇီဝဗေဒ ပညာရှင်တွေက ဖမ်းယူရိုက်ကူးနိုင်ခဲ့အပြီး ပထမဆုံး ထုတ်လွှင့်ပြသလိုက်ပါတယ်။
ပတ္တမြားရောင် ရေနဂါး Ruby Seadragon လို့ နာမည်ပေးထားပြီး ကာလီဖိုးနီးယား စန်တီယေဂိုတက္ကသိုလ် အဏ္ဏဝါဗေဒဌာနက သုတေသနပညာရှင်တွေ ရိုက်ကူးခဲ့တာပါ။
သြစတြေးလျနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းကနေ ၂၀၁၆ ဧပြီလက ရိုက်ကူးခဲ့တာဖြစ်ပြီး သုတေသနရဲ့ အစိတ်အပိုင်းကိုတော့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တတိယမြောက်ရှာတွေ့တဲ့ မျိုးစိတ်ဖြစ်ပြီး သမုဒ္ဒရာတွေထဲမှာရှိမှန်း အရင်က မသိခဲ့ဘူးလို့ အဏ္ဏဝါဇီဝပညာရှင် ဂျိုးဇက်ဖဲင်း စတေလာက ပြောပါတယ်။
အရင်က ဒီမျိုးစိတ် ကမ်းပေါ်လာတင်တာကိုသာ တွေ့ဖူးတာပါ။ တခြားမျိုးစိတ် ၂ ခုနဲ့ မတူဘဲ သစ်ရွက်နဲ့တူတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတခု မပါတာ အတည်ပြုဖို့ သိပ္ပံပညာရှင်တွေက ဒီမျိုးစိတ်ကို အသက်ရှင်လျက် ရှာတွေ့ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ရုပ်သံအတည်ပြုချက်အရ Ruby Seadragon တွေမှာ Seahorse ရေနဂါးမျိုးစိတ်တွေနဲ့တူတဲ့ ရစ်ပတ်ဖမ်းယူနိုင်တဲ့ အမြီးလည်း ပါပြီး တခြား Seadragon မျိုးနွယ်တွေမှာတော့ ဒါမျိုးအမြီး မပါဘူးဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
6 years Ago