အီရတ်နိုင်ငံအတွင်း ပျောက်ဆုံးနေတဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို နိုင်ငံတောင်ပိုင်းက ဇူဘီယာမြို့ လှည့်ကင်းစခန်းတခုအနားမှာ စွန့်ပစ်ထားတာ ပြန်ရှာတွေ့ခဲ့တယ်လို့ အရာရှိတွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။
ဒါတွေကို အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ယူသွားပြီး လက်နက်အဖြစ် သုံးတာ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း အဆုံးသတ်သွားခဲ့ပါတယ်။
ခရီးဆောင်လက်ပ်တော့ ကွန်ပျူတာအရွယ်ရှိတဲ့ အကာအရံဘူးထဲမှာ ထည့်သိမ်းထားတဲ့ ပစ္စည်းတွေကို မပျက်မစီး ရှာတွေ့တယ်၊ ဓာတ်ရောင်ခြည်သင့်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။
အီရတ်တောင်ပိုင်း ဘတ်စ်ရာမြို့နားက အမေရိကန် ရေနံမြေဝန်ဆောင်မှုကုမ္ပဏီ ဝဲသာဖို့ဒ်ပိုင်တဲ့ ကုန်လှောင်ရုံကနေ နိုဝင်ဘာလက အခိုးခံခဲ့ရတဲ့ ဒီပစ္စည်းတွေကို အီရတ်အစိုးရက လိုက်ရှာနေခဲ့တာပါ။
ဆွစ် စစ်ဆေးရေးအုပ်စု အက်စ်ဂျီအက်စ်ကပိုင်တဲ့ ဒီပစ္စည်းတွေ ဘယ်လိုလုပ်ပြီး ဇူဘီယာမှာ ဇာတ်သိမ်းခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဝယ်သာဖို့ဒ် ကုမ္ပဏီ ဝန်ထမ်းတွေက ခိုးပြီး ဒီပစ္စည်းနဲ့ ပတ်သက်လို့ ဘာဗဟုသုတမှ မရှိလို့ မရောင်းနိုင်ဖြစ်ခဲ့ပုံရတယ်၊ ဘတ်စ်ရာကနေ သယ်ထုတ်သွားဖို့လည်း မတတ်နိုင်လို့ စွန့်ပစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဘတ်စ်ရာခရိုင်ကောင်စီရဲ့ စီမံရေးရာ အကြီးအကဲက ပြောပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေအတွက် သုံးတဲ့ ပစ္စည်းတွေမှာ အပြစ်အနာအဆာ ရှိမရှိ စမ်းသပ်ရာမှာ ဂမ်မာရောင်ခြည်တွေကို သုံးတဲ့ ဒီပစ္စည်းကို အသုံးပြုပါတယ်။
တူရကီအခြေစိုက် ဆွစ်ကုမ္ပဏီ အက်စ်ဂျီအက်စ်က ဒီပစ္စည်းကို ပိုင်တယ်လို့ စာရွက်စာတမ်းတွေနဲ့ အရာရှိတွေက ဆိုပါတယ်။
ဒီပစ္စည်းကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) က အဆင့် ၂ ရေဒီယိုသတ္တိကြွ ရင်းမြစ်လို့ သတ်မှတ်ထားပါတယ်။
ဒီပစ္စည်းကို မှန်မှန်ကန်ကန် အသုံးမချရင် မိနစ်ပိုင်းအတွင်း လူတဦးဟာ အမြဲတမ်း ထိခိုက်သွားစေနိုင်တယ်၊ နာရီတွေ၊ နေ့တွေ ကြာတဲ့အထိ ဓာတ်ရောင်ခြည်သင့်တာ ခံရရင် သေစေနိုင်တဲ့ အဆင့်လည်း ဖြစ်ပါတယ်။
အက်စ်ဂျီအက်စ်နဲ့ ဝဲသာဖို့ဒ်ကတော့ ဒီပစ္စည်း ပျောက်ဆုံးရတာနဲ့ ပတ်သက်ပြီး တာဝန်ခံဖို့ မနှစ်က ငြင်းခဲ့ကြပါတယ်။
5 years Ago