ချက်ကုမ္ပဏီက ဓားစာခံနဲ့ အခြားကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အသက်ရှူသံကဲ့သို့ မဆိုစလောက် လှုပ်ရှားမှုတွေကိုတောင် ထောက်လှမ်းနိုင်တဲ့ ရေဒါတမျိုးကို ပြသခဲ့ပါတယ်။ ဒီကိရိယာက အသုံးပြုသူတွေအတွက် စူပါမင်းလို အာဂလူသားရဲ့ မြင်နိုင်စွမ်းမျိုးကို မပေးနိုင်ပေမယ့် အနီးစပ်ဆုံးတော့ ပေးနိုင်မှာပါ။ ချက် ရေဒါကုမ္ပဏီ Retia ကတော့ နောက်ဆုံးပေါ် နံရံကပ်ရေဒါဖြစ်တဲ့ ရက်ထွစ် (Retwis) ဟာ သိပ်ကို စွမ်းအားကြီးသလောက် အသားပြည့် နံရံအတားအဆီးတွေနောက် အသက်ရှူသံလို လူတယောက်ရဲ့ အညင်သာဆုံး လှုပ်ရှားမှုတွေကိုတောင် ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
"ခြေလက်လှုပ်တာ လမ်းလျှောက်တာလို လှုပ်ရှားမှုတွေအပြင် အသက်ရှူနေတုန်း ရင်ခေါင်းရဲ့ လှုပ်ရှားမှုကိုတောင် ထောက်လှမ်းနိုင်တာမို့ ဒီရေဒါကတော့ ပြိုင်စံရှားပါပဲ။ အလားတူ ရေဒါတွေနဲ့ ကွာသွားတာက သူက သုံးဘက်ကြွနံရံတွေကြားက လူကို ထောက်လှမ်းနိုင်ပါတယ်။ ဒါပေမယ့် အပြားလိုက် မျက်နှာပြင်ပေါ်မှာတော့ မီတာ ၄၀ အကွာလောက်ဆိုရင် မထောက်လှမ်းနိုင်တော့ပါဘူး။"
ဂရစ်လိုင်းတွေကို ရေတွက်လိုက်ရုံနဲ့ အသုံးပြုသူအနေနဲ့ လူတဦးဟာ ကိုယ့်ရေဒါနဲ့ ဘယ်လောက်အကွာမှာ ရောက်နေလဲဆိုတာ အတိအကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း ၃ မီတာခွဲ အကွာအဝေးအတွင်းမှသာ သိနိုင်မှာဖြစ်ပြီး ပစ်မှတ်က ရေဒါရဲ့ ညာဘက်ခပ်ရောက်ရောက်ဖြစ်ဖို့ လိုပါတယ်။ ရွေ့လျားနေတဲ့ ပစ်မှတ်ဆိုရင်တော့ ရေဒါရဲ့ညာဘက် ၂ မီတာခွဲအတွင်းမှာသာ ထောက်လှမ်းနိုင်ပါတယ်။ ဒီကိရိယာရဲ့ သာလွန်တဲ့ အရည်အသွေးတွေကြောင့် နည်းမျိုးစုံနဲ့ အသုံးချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
"ရက်ထွစ်ရေဒါကို အသားပိတ် အတားအဆီးတွေဖြစ်တဲ့ နံရံတွေနောက်ဘက်နဲ့ လော်ရီကားတွေအတွင်းက လူတွေကို ရှာနိုင်အောင် တီထွင်ထားတာပါ။ အဓိကကတော့ အသက်ရှင်လျက်ရှိနေသူတွေကို ရှာနိုင်ဖို့ပါ။ လုံခြုံရေးယူနစ်အဖြစ် သုံးနိုင်သလို အပျက်အစီးပုံတွေအောက်က လူတွေကို ရှာနိုင်တာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ပါတယ်။"
ရက်ထွစ်ရေဒါဟာ ၃ ကီလိုသာ အလေးချိန်ရှိပြီး ၆ နာရီ အလုပ်လုပ်နိုင်ပါတယ်။ လက်ဟောင်းပုံစံကိုတော့ စစ်ဘေးသင့်နိုင်ငံတွေမှာ အဓိကရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဆုတ်ယုတ်လာတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဒီကိရိယာကို ဥရောပဖောက်သည်တွေက ပိုပြီး စိတ်ဝင်စားလာဖို့ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
7 years Ago