ရေထဲပျက်ကျမလိုဖြစ်သည့် ကမ္ဘာ့ထိတ်လန့်စရာအကောင်းဆုံး လေယာဉ်ဆင်းသက်မှု

March 16, 2017

ရေထဲပျက်ကျမလိုဖြစ်သည့် ကမ္ဘာ့ထိတ်လန့်စရာအကောင်းဆုံး လေယာဉ်ဆင်းသက်မှု (ရုပ်သံ)

ကာရစ်ဘီယံဒေသ စိန့်မာတင်ကျွန်းပေါ်က ပရင့်စက်စ်ဂျူလီယာနာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ “ကမ္ဘာ့ထိတ်လန့်စရာအကောင်းဆုံး ချဉ်းကပ်မှု” ဆိုတဲ့ ကိုယ်ရည်သွေးစကားလုံးတွေနဲ့ ကျော်ကြားလာပါတယ်။ နေ့စဉ်နေ့တိုင်း အားလပ်ရက် အပန်းဖြေသူတွေဟာ အဲဒီလေဆိပ်မှာ လူစုပြီး သူတို့ခေါင်းပေါ် ပေအနည်းငယ် အမြင့်ကနေ ခရီးသည်အပြည့် တင်ဆောင်ထားတဲ့ ဂျက်လေယာဉ်တွေ ဆင်းသက် ပျံသန်းတာကို ကြည့်ရှုကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် တကြိမ်မှာတော့ လေဆိပ်မှာရပ်နားဖို့ လေယာဉ်ပျံသန်းလာတာက ကြည့်ရှုသူတွေ ဆံပင်တွေထောင်တက်ပြီး လွင့်သွားမတတ် ထိတ်လန့်စဖွယ် ဖြစ်ရတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။ ဝက်စ်ဂျက် ဘိုးရင်း ၇၃၇ လေယာဉ်ကြီးဟာ လေယာဉ်ပြေးလမ်းကို ချဉ်းကပ်လာချိန်မှာ ရေပြင်ကို ထိလုမတတ် ဖြစ်သွားခဲ့တာကို ကမ်းခြေပေါ်က လူတစုက စောင့်ကြည့်ခဲ့ကြတာပါ။ ဂျက်လေယာဉ်ကြီးက လေဆိပ်မှာ ဆိုက်ရောက်ဆင်းသက်ဖို့ မဖြစ်နိုင်တဲ့အတွက် လေယာဉ်မောင်းက လေယာဉ်ကို အရှိန်နဲ့ အပေါ်ပျံတက်လိုက်ပြီး နောက်ထပ် ၄၅ မိနစ်ကြာမှ လေဆိပ်မှာဆင်းသက်ဖို့ ဒုတိယအကြိမ် ကြိုးစားပြီး လုံခြုံစိတ်ချစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ထိတ်လန့်စရာ ရုပ်သံဗွီဒီယိုကို ၂၀၁၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ မျက်မြင်သက်သေတဦးကလည်း “မဟိုကမ်းခြေက နေဝင်ချိန်ဆိုတဲ့ အရက်ဘားမှာ ရှိနေကြတဲ့ ကျနော်တို့အားလုံးအတွက် အဲ့ဒီအချိန်လေးက တကယ့် အံ့သြထိတ်လန့်စရာအချိန်ပဲ” လို့ မှတ်ချက်ပေးပါတယ်။ လေယာဉ်တွေ လေဆိပ်မှာဆင်းသက်ဖို့ နိမ့်နိမ့်ပျံလာတာကို စောင့်ကြည့်တဲ့ ခရီးသွားဧည့်သည်တွေနဲ့ ကျွန်းပေါ်က လေဆိပ်တခုအဖြစ် မဟိုကမ်းခြေကလည်း ကျော်ကြားတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးမှုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် လေယာဉ်တွေ ထွက်ခွာတာ၊ ဆိုက်ရောက်တာတွေ လုပ်ချိန်မှာ သိပ်နီးနီးကပ်ကပ်မနေဖို့ အဲ့ဒီနေရာမှာရှိတဲ့လူတွေကို ဒေသခံအာဏာပိုင်တွေက သတိပေးထားတယ်လို့ သိရပါတယ်။
5 years Ago
Up