ရေတာရှည်

August 31, 2018

ရေတာရှည်နှင့် တောင်ငူ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ပိတ်သိမ်း၊ ပြည်သူအချို့ နေရပ်ပြန်

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ သြဂုတ် ၂၉ ရက် မနက်ပိုင်းက ပြိုခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်နဲ့ တောင်ငူမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၀ ကျော်ထဲက စခန်း ၂၀ ပိတ်သိမ်းလိုက်ပြီး ရေဘေးသင့်ပြည်သူ အတော်များများ နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုမှာ ရေဘေးသင့်ပြည်သူ ၁၄၀၀၀ ကျော် ခိုလှုံနေရာကနေ စခန်း ၂၀ ပိတ်သိမ်းလိုက်ပြီး အခုလက်ရှိမှာ လူဦးရေ ၅၀၀၀ လောက်သာ ကျန်ရှိတော့လို့ ရတာရှည်မြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးကွပ်ကဲမှုရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဆွာမြို့နဲ့ ရေတာရှည်မြို့အကြား ကားလမ်း ရေကျော်မှုကြောင့် လမ်းနဲ့ တံတားအချို့ ပျက်စီးခဲ့တာကြောင့် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေက အမြန်ဆုံးပြင်ဆင်နေပြီး လက်ရှိမှာ အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေကို သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ "အခု ရေဘေးသင့် ပြည်သူအချို့ကတော့ နေရပ်ကို ပြန်နေကြပြီ။ လမ်းပျက်တာကလည်း အမြန်ပြင်နေပါတယ်။ ကာလမ်းကိုလည်း အမြန်ဆုံး ပြုပြင်နေတယ်။ အခုတော့ ကားငယ်လေးတွေနဲ့ ဆိုင်ကယ်တွေတော့ သွားလို့ရနေပြီ။ ဝိတ်ပါတဲ့ ကားကြီးတွေကတော့ မရသေးဘူး။ အလှူရှင်တွေကိုလည်း ကိုယ်တိုင် သွားလှူလို့ရအောင်လည်း စီစဉ်ပေးထားတယ်" လို့ ရေတာရှည် ရေဘေးကယ်ဆယ်ရေးကွတ်ကဲမှုရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုအချိန်မှာ စားရေးနဲ့ နေရေး အဆင်ပြေနေပေမယ့် ပျက်စီးသွားတဲ့ လယ်မြေတွေ ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေသလို နီးစပ်ရာ တောင်ကုန်းတွေပေါ်မှာ ရေဘေးရှောင်နေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ကျွန်းတောစု၊ ဥယျာဉ်မှူး၊ ကြို့ပင်ထိုက်ရွာတွေ အခြေအနေ ဆိုးတယ်။ နီးစပ်ရာတောင်ကုန်းတွေပေါ်မှာ ခိုလှုံနေရတယ်။ နီးစပ်ပရဟိတအဖွဲ့တွေနဲ့ ရွာတွေက ထမင်းထုပ်တွေ ပို့ပေးနေတယ်။ နေ့ဘက်မှာ ပြန်ဆင်းပြီး ညဘက် ရာသီဥတုဆိုးရင် ပြန်တက်လာတယ်။ လောလောဆယ် စားဝတ်နေရေး လာလှူတဲ့သူတွေကြောင့် အခက်အခဲမရှိပေမယ့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ပြန်စိုက်ပျိုးဖို့ အခက်အခဲရှိတယ်" လို့ မှန်ပြတောင်မှာ လာရောက်ရေဘေးရှောင်နေသူ သိုင်းဝရွာမှ ဒေသခံတဦးက ပြောပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

July 21, 2015

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ငလျင် လှုပ်ခတ်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ထဲမှာ ဒီကနေ့ မနက် ၈ နာရီလောက်က  ပြင်းအား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ အင်အားအသင့်အတင့် မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ကမ္ဘာအေး မြေငလျင်စခန်းက တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကိုပြောပါတယ်။ “ဇူလိုင်လ ၂၁ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၅၈ မိနစ် ၃၀ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၁၆၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ရေတာရှည်မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါတယ်။” ငလျင်ကြောင့် အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုနဲ့ လူတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။
6 years Ago
Up