ရေချိုပုစွန်

February 1, 2017

ရှားပါးအရောင်အသွေးရှိ ရေချိုပုစွန်တကောင်ကို ဘတ် ၁ သန်းဖြင့် စံချိန်တင်ရောင်းချ

ထိုင်းနိုင်ငံမှ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တဦးဟာ ရှားပါးတဲ့ အရောင်အသွေးရှိတဲ့ ရေချိုပုစွန်တကောင်ကို စီးပွားရေးလုပ်ငန်းရှင်တဦးဆီ ဘတ် ၁ သန်းနဲ့ စံချိန်တင်ရောင်းချနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၂၈ နှစ်အရွယ် ခနော့ပ်ပန် ဆီရိဝပ် အမည်ရတဲ့ အဆိုပါလုပ်ငန်းရှင်ဟာ နခွန်ပသွန်ခရိုင်၊ ကမ်ပန်ဆိုင်းဒေသမှာ နေထိုင်တာဖြစ်ပြီး ဒေသတွင်းမှ အိဆန်စားသောက်ဆိုင်ပိုင်ရှင် ပရာသန် လီအန်ပန်နစ်ခ်ျထံ ဇန်နဝါရီ ၃၁ ရက်နေ့က ရောင်းချခဲ့တာပါ။ ခုရောင်းချလိုက်တဲ့ ရေချိုပုစွန်ကို သိပ္ပံနာမည်နဲ့ Procambarus Clarkii လို့ခေါ်ပြီး အရှေ့တောင်ပိုင်း အမေရိကဒေသရင်း မျိုးစိတ်တမျိုး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထူးခြားဆန်းပြားတဲ့ နီညိုရောင်အသွေးရှိတဲ့ ၆ လသားအရွယ်ရှိ ဒီရေချိုပုစွန်ဟာ ဘတ်ငွေ ၁ သန်းနဲ့ စံချိန်တင်ထားနိုင်ခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။ အိဆန်စားသောက်ဆိုင်ပိုင်ရှင် ပရာသန်ဟာ ရေချိုပုစွန်ဝါသနာရှင်တဦးဖြစ်ပြီး သူဟာ ဒီထူးခြားတဲ့ပုစွန်ကို ဘတ်ငွေ ၁ သိန်းကနေ ၅ သိန်းထိ ဈေးပေးဝယ်ယူဖို့ ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက ကမ်းလှမ်းခဲ့ပေမယ့် ပိုင်ရှင်ဖြစ်တဲ့ ခနော့ပ်ပန်က မရောင်းနိုင်ဘူးလို့ ငြင်းဆိုထားခဲ့တာပါ။ တရုတ်နှစ်သစ်ကူးကာလ မတိုင်ခင်မှာ ခနော့ပ်ပန်က သူ့ကို ဘတ်ငွေ ၁ သန်းနဲ့ ရောင်းချနိုင်ဖို့ ကမ်းလှမ်းခဲ့ချိန်မှာတော့ သူက လက်ခံပြီး ဝယ်ယူခဲ့တာပါ။ ခနော့ပ်ပန်က ပရာသန်ကို ဆီဒါအမည်ရတဲ့ ပုစွန်အမနဲ့ သားပေါက် ၃၀၀ ကို ထပ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အိဆန်စားသောက်ဆိုင်ပိုင်ရှင် ပရာသန်ဟာ ဒီပုစွန်က သူ့ဆိုင်ကို ကံကောင်း လာဘ်လာဘရွှင်စေမယ်လို့ ယုံကြည်နေခဲ့ပြီး ဆီဒါနဲ့ သားဖောက်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up