ရေခဲမြစ်

December 28, 2017

ရေခဲမြစ်ထဲ ပြုတ်ကျနေသည့် အဘွားအိုကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း အိုင်းဘေးခရိုင် ဘောက်ဒင်းမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ရေခဲမြစ်ထဲ ပြုတ်ကျနေတဲ့ အသက် ၇၀ အရွယ် အဘွားအိုကို အမျိုးသားတဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှီလိုင်ဆိုသူ အမျိုးသားဟာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ပုံမှန်အတိုင်း အလုပ်သွားစဉ် ရေခဲတမျှ အေးခဲနေတဲ့မြစ်ထဲ ချော်ကျပြီး ပြန်မတက်နိုင်တဲ့ အဘွားအိုတဦးကို မြင်တွေ့ရပါတယ်။ ရှီလိုင်ဟာ ချက်ချင်းဆိုသလို အေးခဲနေတဲ့ ရေခဲမျက်နှာပြင်ကို ထိုးခွဲပြီး အဘွားအိုကို ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ပါတယ်။ အဘွားအိုဟာ အေးခဲမှုကြောင့် တကိုယ်လုံး တောင့်တင်းနေပြီး မြစ်ကမ်းပါးပေါ် ပြန်တက်ဖို့ လုံးဝ အင်အားမရှိတော့ပါဘူး။ အဲဒီအဘွားအိုကို ရှီလိုင်နဲ့အတူ အိမ်နီးချင်းတဦးက မြန်မြန်ဆန်ဆန် ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

July 19, 2017

ရေခဲမြစ်အတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့သည့် စုံတွဲအလောင်း ၇၅ နှစ်ကြာမှ ပြန်တွေ့ (ရုပ်သံ)

မာဆီလင်းနဲ့ ဖရန်ဆိုင်း ဒူမိုလင်းတို့ စုံတွဲဟာ လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ်၊ သြဂုတ်လကတည်းက ဆွစ်ဇာလန်နိုင်ငံ ရေခဲမြစ်တွင်း နစ်မြုပ်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ကျန်ရှိနေခဲ့တဲ့ သားသမီး ၇ ယောက်ကတော့ သူတို့ကို ပြန်ရှာတွေ့ဖို့ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလျှော့ခဲ့ကြပါဘူး။ ဒီကနေ့မှာတော့ နှစ်ပေါင်း ၇၅ နှစ်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ သူတို့စုံတွဲရဲ့ အလောင်းတွေကို ရေခဲပြင်အောက်မှာ မပျက်စီးဘဲ ပြန်လည်တွေ့ရှိခဲ့ကြပါပြီ။ အဲဒီအချိန်မှာ အသက် ၄၀ နဲ့ ၃၇ နှစ်အရွယ် အသီးသီးရှိနေခဲ့ကြတဲ့ သူတို့စုံတွဲဟာ အဲဒီနေ့က ချန်ဒိုလင်ကျေးရွာအနီး ရေခဲမြစ်ချိုင့်ဝှမ်းတခုအနီးက နွားတွေဆီကို  နွားနို့ညှစ်ဖို့ သွားခဲ့ကြတာဖြစ်ပြီး ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားခဲ့ကြတာပါ။ သူတို့မှာ သား ၅ ယောက်နဲ့ သမီး ၂ ယောက် ကျန်ရှိခဲ့ပြီး ကလေးတွေဟာ ဆွေမျိုးသားချင်းတွေနဲ့အတူ တကွဲတပြားစီ နေထိုင်ခဲ့ကြရပါတယ်။ ဒါပေမယ့် ကလေးတွေကတော့ သူတို့ ၂ ဦးကို ရှာဖွေဖို့ ဇွဲမလျှော့ခဲ့ကြပါဘူး။ လက်ရှိမှာ အသက် ၇၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူတို့ရဲ့ အငယ်ဆုံးသမီးဖြစ်သူက လီမာတင် ဆွစ်စ်သတင်းစာကို “ကျမတို့ ဘဝတလျှောက်လုံး မိဘတွေကို ပြန်ရှာတွေ့နိုင်ဖို့ ကြိုးစားခဲ့တာပါ။ တနေ့မှာ သူတို့ကိုတွေ့ပြီး ဈာပနအခမ်းအနား ကျင်းပပေးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ခဲ့ကြတာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ သူတို့ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အနီးနား စကိတ်စီးသမားတဦးက စတင်တွေ့ရှိခဲ့တာပါ။ လေဒိုင်ယာဘဲလ်ရက်တ်စ် အပန်းဖြေစခန်းရဲ့အထက် ပေပေါင်း ၈၆၀၀ လောက်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဒီအန်အေစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
5 years Ago
Up