ရေကူးနေသည့်

September 16, 2017

ရေကူးနေသည့် ခွေးကလေးအနီး ရုတ်တရက်ထွက်ပေါ်လာသည့် မိကျောင်းကြီး (ရုပ်သံ)

ရေကူးခတ်နေတဲ့ ခွေးကလေး မိကျောင်းရန်က သီသီလေးလွတ်သွားတဲ့ အထိတ်တလန့်ရုပ်သံ ထွက်ပေါ်လာပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကာရစ်ဘီယမ်မှာ လူဒါဇင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ မုန်တိုင်းပြီးနောက် ဖလော်ရီဒါပြည်နယ် ကစ်စ်မီးမြို့မှာ ကော်ရီနာကော့စ်ဆိုတဲ့ အမျိုးသမီးက သူမရဲ့ခွေးလေး လမ်းလျှောက်ဖို့နဲ့ ရေကူးဖို့ ခေါ်ထုတ်လာခဲ့ပါတယ်။ ရုပ်သံထဲမှာ ခွေးလေးဘေးနား မိကျောင်း ပေါ်မလာခင် စပ်စပ်စုစုရှိတဲ့ ခွေးလေးက ရေနက်ပိုင်းအထိ ရေကူးနေတာတွေ့ရပါတယ်။ ဒီအချိန်မှာပဲ မိကျောင်းကြီးတကောင်က ရုတ်တရက်ပေါ်လာတာပါ။ ဟာရီကိန်းမုန်တိုင်းကြောင့် မိကျောင်းတွေဟာ နေအိမ်တွေ၊ လမ်းတွေပေါ်နဲ့ နေရာအနှံ့ ပျံ့နှံ့ရောက်ရှိနေကြတာဖြစ်ပါတယ်။ ခွေးပိုင်ရှင် ကော်ရီနာက “ကျမက ဖုန်းကတဆင့် ခွေးလေးကိုပဲ တိုက်ရိုက်ကြည့်နေတာ ဘေးပတ်ဝန်းကျင်ကို လုံးဝ မကြည့်မိဘူး။ ကြည့်ရတာ ခွေးလေးက မြင်ပြီး ဘာလဲသိချင်လို့ ရေထဲဆင်းပြီး သွားကြည့်တာဖြစ်မယ်။ ဒါကမိကျောင်းလို့ သတိရပြီး လန့်ဖြန့်သွားတယ်” လို့ သူမက ဆိုပါတယ်။ “ခွေးလေးဘေးနားမှာ မိကျောင်းပေါ်လာတာ တွေ့တော့ ကျမလက်ထဲက ခွေးရဲ့လည်ပတ်ကြိုးနဲ့ တွဲချည်ထားတဲ့ ကြိုးစကို အမြန်ဆွဲလိုက်တယ်” လို့ ခွေးပိုင်ရှင်က ပြောပါတယ်။ “မိကျောင်းက အိမ်ဘက်ကို သွားနေလို့ ကျမ ရပ်တောင် မရပ်နိုင်ဘူး၊ တော်တော်ကြောက်သွားတယ်။ မိကျောင်းက အဲ့ဒီနေရာမှာ ၁ နာရီလောက် နေနေသေးတယ်။ ကျမထင်တယ်၊ မိချောင်းက ခွေးလေးပြန်အလာကို စောင့်နေတာ ပြန်လာရင်တော့ စားမှာပဲ။ သင်ခန်းစာတော့ တော်တော်ရပါတယ်” လို့ ခွေးပိုင်ရှင်ပြောကြောင်း သည်ဆန်းသတင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up