ရေကူးအသံလွှင့်ရုံပြောင်းရွှေ့မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ရှင်းလင်းပြောကြားသွားပါတယ်။
ပြည်ထောင်စုရဲ့ အရအသုံးစာရင်းများ စစ်ဆေးချက်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေ အပေါ် ပြည်ထောင်စုအဆင့် ၀န်ကြီးတွေက လွှတ်တော်မှာ လာရောက်ရှင်းလင်းပြောသွားတာပါ။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ရေကူးအသံလွှင့်စက်ရုံပြောင်းရွှေ့မယ့် စီမံကိန်းပေါ်ပေါက်လာရတဲ့ အကြောင်းရင်းဟာ ရေကူးအသံလွှင့်စက်ရုံ ပတ်ဝန်းကျင်မှာ လူနေသိပ်သည်းမှု များပြားလာပြီး High Power ထုတ်လွှင့်တဲ့ Medium Wave, Short Wave Transmission တွေကြောင့် ထွက်ပေါ်လာတဲ့ Radio Frequency Radiation တွေဟာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တာ၊ မြို့ပြအဆောက်အအုံတွေ ကြောင့် ထုတ်လွှင့်မှု Coverage အတားအဆီးဖြစ်စေတာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ရေကူးအသံလွှင့်စက်ရုံကို ပြောင်းရွှေ့ပြီး မြန်မာ့ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယို လုပ်ငန်းတွေအတွက် ရိုက်ကွင်း၊ စတူဒီယို၊ မီဒီယာသင်တန်းကျောင်း၊ အများပြည်သူ အပန်းဖြေရန်နေရာ၊ ကစားကွင်းတွေပါဝင်တဲ့ မီဒီယာဇုန်အဖြစ် ဆောင်ရွက်ဖို့ နဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ရရှိဖို့ ရည်ရွယ်ခဲ့တာလို့လည်းပြောပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက နိုင်ငံတော်ဘဏ္ဍာမှ ကုန်ကျစရိတ် အနည်းဆုံးနဲ့ ခေတ်မီအသံလွှင့်စက်ရုံနဲ့ အခြေခံအဆောက်အအုံများရရှိနိုင်မယ်၊ နိုင်ငံတကာမှာ ဆောင်ရွက်လျက်ရှိသည့် မျက်မှောက်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနည်းတူ မြန်မာနိုင်ငံမှာလည်း မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မယ်။ နိုင်ငံတော်ပိုင် မြေကို အသုံးပြုရာမှာ နိုင်ငံတော်နဲ့ အများပြည်သူ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမယ့် စီမံကိန်းမျိုးဆောင်ရွက်သင့်တယ်လို့လည်း ၀န်ကြီး ဒေါက်တာ ဖေမြင့်ကပြောသွားပါတယ်။
အသံလွှင့်စက်ပစ္စည်းတွေကို ရွှေ့ပြောင်းတည်ဆောက်ရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူခဲ့ရာမှာ သတ်မှတ်ထားတဲ့ ရက်အထိ ရွှေသံလွင်ကုမ္ပဏီနဲ့ Myanmar Media United ကုမ္ပဏီ နှစ်ခုသာ အဆိုပြုလွှာ တင်သွင်း ခဲ့တယ်လို့သိရပါတယ်။
အဆိုပါကုမ္ပဏီ နှစ်ခုမှ တင်သွင်းတဲ့ အဆိုပြုလွှာတွေကို ပဏာမလေ့လာဆန်းစစ်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိလို့ တင်ဒါ အောင်မြင်သူမရှိဘဲ တင်ဒါခေါ်ယူမှုကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။
ဓာတ်ပုံ- MOI
5 years Ago