နာမည်ကြီးတွေဖြစ်တဲ့ ဘရစ်တနီစပီးယားနဲ့ မိုင်လင်းန်ကလက်စ်တို့က ခန္ဓာကိုယ်အလေးချိန်ကျပြီး ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ ရေသူမ အမြီးပါ ပေါင် ၃၀၀ တန် ရေကူးဝတ်စုံကို ဝယ်ယူသုံးစွဲလိုက်တယ်လို့ သိရပါတယ်။
သုံးပေအရှည်ရှိ အီလက်စတစ်သားနဲ့ပြုလုပ်ထားတဲ့ ရေကူးဝတ်စုံရဲ့ ရေသူမအမြီးက ဖက်ရှင်တခုအနေနဲ့ စိတ်ကျေနပ်စရာမကောင်းသလို လက်တွေ့လည်း မကျလှဘူးလို့ ဆိုပါတယ်။
ရေကူးဝတ်စုံက ပြိုးပြိုးပြက်ပြက် အရောင်အသွေးစုံဒီဇိုင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ကျစေပြီး ကျန်းမာရေးကောင်းမွန်စေတယ်လို့ ပြောထားပါတယ်။
ဘရစ်တနီစပီးယား၊ မိုလင်းန်ကလက်စ်နဲ့ မော်ဒယ်တွေ ယခင်စပိုက်စ်ဂဲလ်အဖွဲ့ဝင်ဟောင်း ဂဲရီဟယ်လီဝဲလ် အပါအဝင် နာမည်ကြီးတော်တော်များများက ဒီရေသူမအမြီးပါ ရေကူးဝတ်စုံကို ဝတ်ဆင်ခဲ့ကြပြီး သူတို့ထဲက ဂဲရီဟယ်လီဝဲလ်ကတော့ ဒီရေကူးဝတ်စုံဝတ်ပြီး ရေကူးကန်နား လျှောက်သွားနေတဲ့ ရုပ်သံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေသူမအမြီးပါ ရေကူးဝတ်စုံတွေက နာမည်ကြီးတွေကြား ရောင်းကောင်းခဲ့ပြီး ပလန်နက်မာမေ့ဒ်လို့ခေါ်တဲ့ ရေသူမဒီဇိုင်းပါ တွဲဖက်အသုံးအဆောင်ပစ္စည်းတွေ ရောင်းတဲ့ ဗြိတိန်ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်က ကုန်ပစ္စည်းတွေရဲ့ ရောင်းအား ၆၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း ပြောပါတယ်။
ကုမ္ပဏီတည်ထောင်သူ မက်ဂ်ဒါလန်နာက သူမရဲ့သား အော်တစ်ဇင်ရောဂါအတွက် ဆေးကုသခံရပြီးနောက် ငွေရှာဖို့အတွက် ဒီစီးပွါးရေး စိတ်ကူးစိတ်သန်းကို ရခဲ့တာလို့ ဆိုပါတယ်။
“ရေသူမအမြီးနဲ့ပတ်သက်ပြီး ဈေးကွက်ထဲမှာ မရှိတာကို ကျမ တွေ့ခဲ့တယ်။ ဒါကြောင့် ကျမရဲ့ အဝတ်အစားဒီဇိုင်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို သုံးပြီး ရေသူမ အသုံးအဆောင်လေးတွေ ဖန်တီးခဲ့တာပါ” လို့ မက်ဂ်ဒါလန်နာက ပြောခဲ့ပါတယ်။
ပြီးတော့ ရေသူမ ရေကူးဝတ်စုံတွေက ရေရဲ့အပြင်ဘက်အခြေအနေမှာ အကူအကယ်မဲ့နေတဲ့ပုံရှိပြီး ရေထဲမှာကြတော့ အစွမ်းရှိတယ်၊ မျက်လှည့်ဆန်တယ်၊ ပဉ္စလက်ဆန်နေတယ်ဆိုတဲ့ ခံစားမှုမျိုးကိုပေးလို့ လူသားပုံစံကနေ ခြေထောက်တခုပဲ ရှိတော့တဲ့ ရုတ်တရက်ပြောင်းလဲမှုမျိုးကို နာမည်ကြီးတွေက နှစ်သက်ကြတယ်။
“နောက်တခုက လူသားတွေ ခြေထောက်၂ ဖက်နဲ့ ရေကူးခတ်တာထက်၊ ရေသူမလို့ အမြီးတခုတည်းနဲ့ ကူးခတ်တာက ၂ ဆ မြန်တယ်ဆိုတဲ့ စိတ်ရွှင်မြူးစရာ အရည်အသွေးကလည်း မငြင်းပယ်နိုင်တဲ့ အချက်ပဲ” လို့ ပလန်နက်မာမေ့ဒ် ကုမ္ပဏီတည်ထောင်သူ မက်ဂ်ဒါလန်နာက ပြောကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
5 years Ago