ရေကူးဝတ်စုံ

May 2, 2019

ပထမဆုံးအကြိမ် ရေကူးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ဆိုမာလီနွယ်ဖွား မော်ဒယ် အဒန်

ဆိုမာလီယာနွယ်ဖွား အမေရိကန်မော်ဒယ်နဲ့ တက်ကြွလှုပ်ရှားသူ ဟာလီမာ အဒန်ဟာ Sports Illustrated Swimsuit မဂ္ဂဇင်းအတွက် ပထမဆုံးအနေနဲ့ ကင်ညာနိုင်ငံမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအရိုက်ခံပေးခဲ့ပါတယ်။ အဒန်ဟာ မွတ်စလင်အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ မျက်နှာတခုပဲ ဖော်ထားတဲ့ ရေကူးဝတ်စုံဒီဇိုင်းကို ဝတ်ဆင်ထားပါတယ်။ ဒါဟာ သူ့အနေနဲ့ နာမည်ကျော် အမေရိကန်မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခံရမှာပါ။ အဒန်ကို ကင်ညာနိုင်ငံက ကာကူမာ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပါတယ်။ ဒီအခွင့်အရေးကနေ ကျမတို့ ဆိုမာလီယာ လူမှုအသိုင်းအဝိုင်း၊ မွတ်စလင် အသိုင်းအဝိုင်းနဲ့ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် တံခါးတခုပွင့်သွားဖို့ မျှော်လင့်တယ်လို့ အဒန်က ပြောပါတယ်။ အဒန်ဟာ ၂၀၁၆ ခုနှစ်က Miss Minnesota USA အလှမယ်ပြိုင်ပွဲမှာ ခေါင်းမြီးခြုံဝတ်ပြီး   မျက်နှာတခုပဲ ဖော်ထားတဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ပြီး သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီကစပြီး အဒန်ဟာ နာမည်ကျော် မော်ဒယ်အေဂျင်စီတခုနဲ့ စာချုပ်ချုပ်တဲ့ ပထမဆုံး ခေါင်းမြီးခြုံ အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို တခြား ပထမဆုံး မှတ်တမ်းတွေကလည်း သူ့ရဲ့ မော်ဒယ်ဘဝကို ပိုပြီး မြှင့်တင်ပေးခဲ့ပါတယ်။
3 years Ago

June 14, 2018

အင်စတာဂရမ်တွင် ရေကူးဝတ်စုံနှင့်ဓာတ်ပုံ တင်မိ၍ အလုပ်ထုတ်ခံရသည့် ကျောင်းဆရာမ

ရုရှားနိုင်ငံမှ ကျောင်းဆရာမတဦးဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံတွေ တင်ခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဇွန်လ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ ရုရှား အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ခုလို အလုပ်ထုတ်ပစ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ အသက် ၂၆ နှစ်အရွယ် ဗစ်ခ်တိုးရီးယား ပိုပိုဗာဟာ အွန်းမ်စ်ခ်မြို့ စာသင်ကျောင်း တကျောင်းမှ ဖြစ်ပြီး သူ့ရဲ့ ခုလိုအပြုအမူဟာ ကျောင်းနဲ့ သူ့ရဲ့အလုပ်အကိုင်အပေါ် အလေးမထား၊ မလေးစားရာရောက်တယ်ဆိုပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဆရာမလုပ်မှာလား၊ မော်ဒယ်လုပ်မှာလားဆိုပြီး မေးခွန်းထုတ်ခံခဲ့ရပြီးနောက်မှာ ခုလိုဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ကြတဲ့ လူပေါင်း ၃၀၀၀ ကျော်လောက်ဟာ ဒါကို ဆန့်ကျင်ဖို့အတွက် ရေကူးဝတ်စုံတွေနဲ့ ရိုက်ကူးထားတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ကြပြီး Hashtag နဲ့တွဲကာ ဆရာမတွေလည်း လူသားတွေပါပဲလို့ ရေးတင်ခဲ့ကြတာပါ။ ခုလို ဆုံးဖြတ်တာဟာ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘူးလို့ အများစုက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အင်စတာဂရမ် အသုံးပြုသူတဦးဖြစ်တဲ့ ယူဖေဗာ ယူဖာကတော့ အွန်းမ်စ်ခ်ကျောင်းထွက်ချင်း ထောက်ခံအားပေးသွားမယ်လို့ ပြောလိုက်ပြီး “ခုလို ရူးနှမ်းတာမျိုးတွေ ကျမတို့နိုင်ငံမှာ ဘယ်တော့ရပ်မှာလဲ”လို့ မေးခွန်းထုတ်လိုက်တာပါ။ နောက်တယောက်ကတော့ “ဒါဟာ စံတခုတော့ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေလည်း လူသားတွေပါပဲ။ ဒါပေမယ့် သူတို့က ပညာပေးသူတွေပါ။ ဟုတ်တယ်၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဝန်းကျင်လည်း ရှိရမယ်လေ။ တာဝန်ချိန်ပြင်ပမှာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ ဆိုတာမျိုးတွေကိုရော ခင်ဗျားတို့ ဘယ်လိုထင်လဲ။ ဘာကြောင့် မဖြစ်နိုင်ရမှာပဲ။ သူတို့လည်း လူတွေပဲလေ” လို့ မှတ်ချက်ရေးခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်း အစိုးရကတော့ ခုလို ရေကူးဝတ်စုံတွေနဲ့ ရိုက်ကူးထားတဲ့ ဆန့်ကျင်ဆန္ဒပြတဲ့ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဆရာမ ပိုပိုဗာကို သူ့ရဲ့ အလုပ်ဟောင်းဆီ ပြန်လာနိုင်တယ်လို့ ကြေညာခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အလုပ်ပြန်လုပ်မယ် မလုပ်ဘူး ဆိုတာကိုတော့ မသိရဘဲ ကြေညာချက်ထဲမှာတော့ “ဆရာမ ဗစ်ခ်တိုးရီးယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိတာက သူ့အနေနဲ့ ဆရာမတယောက်အဖြစ် အလုပ်ပြန်လုပ်နိုင်တယ်။ ဒီကျောင်း၊ ဒါမှမဟုတ် တခြားကျောင်းတခုခုပေါ့” လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up