ရေကာမျက်မှန်

August 4, 2018

ရေသယံဇာတများ ထိန်းသိမ်းရန် အင်ဒိုတွင် ရေကာမျက်မှန်များကို အခမဲ့ဝေငှ

အင်ဒိုနီးရှားနိုင်ငံရဲ့ ရေသယံဇာတဆိုင်ရာ ထိန်းသိမ်းရေးဝန်ကြီးဖြစ်သူက နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်တန်းတွေကို ထိန်းသိမ်းဖို့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတခုကို အသုံးပြုခဲ့တယ်လို့ The Guardin သတင်းမှာဖော်ပြပါတယ်။ အဲဒါကတော့ ဝေးလံသီခေါင်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ ကလေးငယ် တွေကို ရေကာမျက်မှန်တွေ အခမဲ့ဝေငှခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရေသယံဇာတ ထိန်းသိမ်းရေးဝန်ကြီး ဆူဆီပူဒီဂျာစတူဒီဟာ တက်ကြွတဲ့ဝန်ကြီးတဦး ဖြစ်ပြီး သူဟာ တရားမဝင်ငါးဖမ်းလှေတွေကို ဖောက်ခွဲပစ်ခြင်းကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။ နိုင်ငံရဲ့ရေသယံဇာတတွေကို မျိုးဆက်သစ်တွေ အပြည့်အဝ နှစ်သက်သဘောကျစေရေး ရည်ရွယ်ပြီးတော့ ဒီလိုလုပ်ရတာပါလို့လည်း သူမကပြော ပါတယ်။ “အင်ဒိုနီးရှားအရှေ့ပိုင်း ဝေးလံတဲ့ ဧရိယာတွေကို ရောက်တဲ့အခါမှာ အင်ဒိုနီးရှားကလေးငယ်တွေက နိုင်ငံခြားသားတွေ နာရီပေါင်းများစွာကြာ ရေငုပ်နေတာကို ဘုမသိဘမသိနဲ့ ထိုင်ကြည့်နေတာ သတိပြုမိခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျမတို့ရဲ ရေအောက်ကမ္ဘာမှာရှိတဲ့ အလှအပတွေကို သေသေချာချာ မသိဘဲ သူတို့ကို ဒါတွေအပေါ် ထိန်းသိမ်းခိုင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်” လို့လဲဆူဆီ ကပြောပါတယ်။ ဒါ့ကြောင့် နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ကလေးငယ်တွေကို ရေအောက်ကြည့်မျက် မှန်တွေ အခမဲ့ဝေငှပေးခဲ့တဲ့ အစီစဉ်ကို ၂ဝ၁၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မျက်မှန်အလက် ၂ဝဝဝ ကျော် ဝေငှပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ မျက်မှန်တွေ ဝေငှခဲ့တဲ့နေရာတွေကို သွားရောက် ကြည့်ရှုခဲ့တာမှာလည်း ကလေးငယ်တွေက ရေအောက်မှာရှိတဲ့ အရာတွေကြောင့် ခုန်ပေါက် အံ့သြနေတာကို မြင်တွေ့ခဲ့ရပါတယ်လို့ သူမက ဆက်လက်ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကာလရှည်ရေသယံဇာတ ပြုန်းတီးမှုနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး အခုဆောင်ရွက်ချက်က အင်ဒိုနီးရှားမျိုးဆက်သစ်တွေအတွက် ရေသယံဇာတများအပေါ် ထိန်းသိမ်းကာကွယ် ရေးတွန်းအားတခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
3 years Ago
Up