ရေကာတာ

May 10, 2019

သောက်ရေခပ် (၁) ရေကာတာစီမံကိန်း ပယ်ဖျက်ပေးရန် တောင်းဆို

သံတောင်ကြီးဒေသ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း ပယ်ဖျက်ပေးသင့်တယ်လို့ ကရင်ပြည်သူ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှာ အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ဒေသခံ ကရင်တိုင်းရင်းသားတွေက သဘောမတူကြောင်း မေလ ၃ ရက်နေ့က စပါးကျီကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ စုရုံး ကန့်ကွက်ခဲ့ကြပါတယ်။ ဒီရေကာတာ စီမံကိန်းကြောင့် ဒေသခံ ကျေးရွာ ၆၀ ကျော် ရေအောက်ရောက်သွားမှာဖြစ်ပြီး ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးစားသောက်လာခဲ့တဲ့ ဥယျာဉ်ခြံမြေတွေလည်း ရေအောက်နစ်မြုပ် ပျက်စီးသွားနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်ကြတာလို့ ကရင်ပြည်သူ့ပါတီမှ ဦးစောတော်ပလဲက ပြောပါတယ်။ “အနည်းဆုံး ရွာ ၄၀ ရဲ့ ခြံမြေတွေ၊ စိုက်ပျိုးမြေတွေ အကုန်လုံး ရေအောက်ရောက်သွားမယ်။ လူဦးရေကတော့ တချို့က ရွာငယ်တွေပဲလေ။ တရွာကို လူဦးရေ ၁၅၀ နဲ့ တွက်ကြည့်ပေါ့ဗျာ။ ဒါ အနည်းဆုံးပေါ့။ အိမ်တွေကတော့ မမြုပ်နိုင်ဘူး။ ဒါပေမယ့် သူတို့ လုပ်စားကိုင်စားတာက အဲဒီဘက်ကလူတွေက လျှိုမြောင်တွေမှာ အုန်းသီး၊ မင်းကွတ်၊ ဒူးရင်းတွေ စိုက်ကြတယ်။ နည်းနည်း အပေါ်ကျတဲ့ ကုန်းတွေမှာဆိုရင် ဖာလာတွေ စိုက်ကြတယ်။ အဲဒါတွေ အကုန်လုံး မြုပ်ကုန်တော့မှာပေါ့။” သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ခူပြောင်ရွာရဲ့ အထက်ပိုင်းမှာ တည်ဆောက်ဖို့ လုပ်ဆောင်နေပြီး လျှပ်စစ်မဂ္ဂါဝပ် ၁၅၀ လောက်ထွက်ရှိမယ့် စီမံကိန်း ဖြစ်ပါတယ်။ သောက်ရေခပ် (၂) ရေကာတာစီမံကိန်းကို တည်ဆောက်ချိန်ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာ ၂၀ ခန့်က ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရသလို သူတို့ရဲ့ ဥယျာဉ်ခြံမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ သောက်ရေခပ်  ၂ ရေကာတာစီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ပြီး ၂၀၁၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လျှပ်စစ်စွမ်းအား ရရှိရေးအတွက် စစ်တောင်းမြစ်ဝှမ်းဒေသမှာ ရေအားလျှပ်စစ် ရေအရင်းအမြစ် ၁၃ ခု လျာထားချက်ရှိရာ သောက်ရေခပ်ချောင်းပေါ်မှာ သောက်ရေခပ် (၁) နဲ့ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။
2 years Ago

July 28, 2018

စစ်တောင်းမြစ်ရေတက်မှုကြောင့် ရေကာတာကျိုးကျမည်ကို မဒေါက်မြို့ခံများ စိုးရိမ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတာကြောင့် ရေကာတာကျိုးကျသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ မဒေါက်မြို့မှာ ဇူလိုင် ၂ဝ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁ဝ၇ဝ စင်တီမီတာရဲ့အထက် ၁၂၆၄ စင်တီမီတာကို ရောက်ရှိလာတာကြောင့် မဒေါက်မြို့ကို ကာရံထားတဲ့ ရေကာတာကျိုးကျသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။ စစ်တောင်းမြစ်ရေ နေ့စဉ်လိုတက်လာနေပြီး ရေကာတာကို ကျော်လွန်ဖို့ ပေဝက်ခန့်သာ လိုတော့တာကြောင့် ရေကာတာရဲ့အနိမ့်ပိုင်းနေရာအချို့မှာ ရေကျော်လွန်မှုတွေရှိနေပြီး ဒေသခံပရဟိတအဖွဲ့တွေက အုပ်သဲကျောက်တွေနဲ့ အရေးပေါ်ကာကွယ်မှုတွေ ပြုလုပ်နေရပါတယ်။ “ရေကာတာက ခြောက်လက်မလောက် လိုတော့တယ်၊ တချို့နေရာတွေမှာ ရေကျော်လာလို့ လိုက်ပိတ်နေရတယ်။ ဒီထက်မကတက်လာရင်တော့ ကျိုးဖို့ပဲရှိတော့တယ်။ ခုအချိန်မှာ ရေက မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၅ ပေလောက်အထက်ကို ရောက်နေသလိုဖြစ်နေတယ်။ ဒီတာခံနေလို့သာ တမြို့လုံး မမြုပ်သေးတာ” လို့  ရွှေမြတ်လေးပရဟိတ ဥက္ကဋ္ဌ ကိုဉာဏ်လင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ ညောင်လေးပင်က တပ်ဖွဲ့ဝင်တွေရော မဒေါက်ကတပ်ဖွဲ့ဝင်တွေရော အားလုံး စုဖွဲ့ထားပါတယ်။ တကယ်လို့ အရေးပေါ်ဖြစ်လာခဲ့ရင် ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်ဖို့ပါ။ အခုတာအခြေအနေကတော့ အကုန်လုံးစောင့်ကြည့်နေပြီး ဝိုင်းဝန်ပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီး ဦးသိန်းထိုက်က ပြောပါတယ်။ စစ်တောင်မြစ်ရေ စိုးရိမ်ရေမှတ်ကို ကျာ်လွန်လာတာကြောင့် ရပ်ကွက်ကျေးရွာ ၂၂ အုပ်စုရေကြီး နစ်မြုပ်မှုဒဏ်ခံနေရပြီး အိမ်ထောင်စု ၁၅၂၈ စုက ရေဘေးသင့်သူ ၈၄ဝဝ ကျော် ကယ်ဆယ်ရးစခန်း ၃ ခုမှာ ခိုလှုံနေရပြီး စာသင်ကျောင်း ၁၅ ကျောင်းကျော် ယာယီပိတ်ထားရပါတယ်။ မဒေါက်မြို့ စစ်တောင်းမြစ် ရေကာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စစ်တောင်းမြစ်ရေမဝင်နိုင်အောင် ကာကွယ်ထားတဲ့တာဖြစ်ပြီး ရေကာတာကျိုးပေါက်သွားပါက မဒေါက်မြို့၊ ညောင်လေးပင်မြို့နဲ့ ပြွန်တန်ဆာမြို့တို့အပါအဝင် ကျေးရွာအုပ်စုတော်တော်များများကို ရေလွှမ်းမိုးသွားနိုင်ပြီး လယ်မြေဧက သောင်းချီ ရေကြီးနစ်မြုပ်မှု ဒဏ်ခံရနိုင်တယ်လို့ သိရပါတယ်။ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေတာကြောင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှု ဘေးအန္တရယ်မှ ကင်းလွတ်ရာကို ရှောင်ရှားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ သတင်း-ဓာတ်ပုံ နေလင်းထိုက်
3 years Ago
More News
Up