ယောလူငယ်တွေ့ဆုံပွဲ ကျင်းပ

December 8, 2017

ယောဒေသဖွံ့ဖြိုးရေး ပထမဆုံးအကြိမ် ယောလူငယ်တွေ့ဆုံပွဲ ကျင်းပ

ယောဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ယောလူငယ် တွေ့ဆုံပွဲနဲ့ ဟောပြောပွဲတွေကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။ ဂန့်ဂေါမြို့၊ မြို့မတောကျောင်း ကျောင်းတိုက်မှာ ယောဒေသအတွင်းဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော စတဲ့မြို့နယ်တွေက ယော၊ တောင်သား၊ ချင်းလူမျိုးတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ယောလူငယ်တွေ့ဆုံပွဲ ကျင်းပနေတာပါ။ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပထမ ၂ ရက်တာမှာတော့ တက်ရောက်လာတဲ့ ဒေသခံတွေက မိမိတို့ဒေသက လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ ဖိတ်ပြီး တင်ပြဆွေးနွေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲက ရရှိလာတဲ့ စာတမ်းတွေကိုလည်း အစိုးရ၊ လွှတ်တော်တို့ကို တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ယောဒေသလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲမှာ ယောမင်းကြီးဆရာတော်က ရာဇဝင်ထဲက ယောနှင့်လက်ရှိယော ခေါင်းစဉ်နဲ့ ဟောပြောခဲ့သလို ယောနှင့် ရှမ်း တူညီတဲ့ ယဉ်ကျေးမှုတွေ၊ ပြောဆိုပုံတွေအကြောင်း ရှင်းပြခဲ့ကာ ယောနဲ့ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာတွေ၊ လင်္ကာတွေကိုလည်း ရွတ်ပြခဲ့ပါတယ်။ သမိုင်းပညာရှင် တမ္ပဝတီဦးဝင်းမောင်ကလည်း ယောဒေသအတွက် သီအိုရီတခု အတည်ပြုချင်တဲ့အကြောင်း၊ ယောဒေသက ရှေးပထမဆုံးမြန်မာတွေ ဖြစ်ကြောင်း၊ သမိုင်းအထောက်အထားတွေ၊ လေ့လာတွေ့ရှိချက်တွေကို ဟောပြောခဲ့ပါတယ်။
4 years Ago
Up