ယောဂကျင့်စဉ်

September 2, 2018

အလာဘားမားပြည်နယ်တွင် ယောဂကျင့်စဉ် ၂၅ နှစ် ပိတ်ပင်ထားမှုအပေါ် ဝေဖန်

အစိုးရပိုင်ကျောင်းတွေမှာ ယောဂလေ့ကျင့်မှုကို ၂၅ နှစ်ကြာပိတ်ပင်ထားတဲ့ အမေရိကန်နိုင်ငံ အလာဘားမား ပြည်နယ်ရဲ့ ဥပဒေကို ဝေဖန်မှုထွက်ပေါ်လာတယ်လို့ WJLA  သတင်းမှာ ဖော်ပြပါတယ်။ ဒီပိတ်ပင်မှုကို ဟိန္ဒူတက်ကြွလှုပ်ရှားသူတဦးက ဝေဖန်လိုက်တာဖြစ်ပြီး ဒါကိုပြောင်းလဲဖို့ အချိန်တန်ပြီလို့လည်း သူကပြောပါတယ်။ ဟိန္ဒူတက်ကြွလှုပ်ရှားသူတဦးဖြစ်သူ ရာဂျန်ဇတ်က ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေက ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ပြည်နယ်တာဝန်ရှိသူတွေဟာ ကျောင်းသားတွေကို ယောဂပညာကို လေ့လာနိုင်မယ့် အခွင့်အလမ်းကို ပိတ်ပင်ထားခြင်းနဲ့ အကျိုးမဲ့တဲ့လုပ်ရပ်ကို လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အလာဘားမားပြည်နယ်ရဲ့ ပညာရေးဘုတ်အဖွဲ့က ယောဂ၊ အိပ်ငွေ့ချပညာနဲ့ တရားထိုင်ခြင်းတို့ကို ကျောင်းတွေမှာ မပြုလုပ်ရဆိုတဲ့ ပိတ်ပင်မှုကို ၁၉၉၃ ခုနှစ်က မဲခွဲအတည်ပြုခဲ့ပြီး ဒီပိတ်ပင်မှုတွေကို ကွန်ဆာဗေးတစ် အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒီပိတ်ပင်မှုက ၁၉၉၃ ခုနှစ်က ကိစ္စဖြစ်ပေမယ့်  ယောဂလေ့ကျင့်မှုကို ကျောင်းတွေရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ထည့်သွင်းဖို့ မသင့်တော်ကြောင်း ရေးသားဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့ နောက်မှာတော့ ဒီကိစ္စဟာ အာရုံစိုက်မှု အသစ်တွေ ထပ်မံရရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလာဘားမားပြည်နယ် ပညာရေးအရာရှိ အဲရစ်မက်ကေးက “ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေက အရင်တုန်းက စာရွက်တွေဖြစ်ပြီး ဒါတွေကိုဖြန့်ချိမှု မလုပ်သင့်ဘူး” လို့ ပြောပါတယ်။ ပြည်နယ်ရဲ့ ယောဂကျင့်စဉ်ကို ကျောင်းတွေမှာ ပိတ်ပင်ထားမှုဟာ ဝေဖန်မှုတွေ ပေါ်ထွက်လာပေမယ့် ဒီပိတ်ပင်မှုကို ပြန်လည်စဉ်စားဆုံးဖြတ်မှု လုပ်ဆောင်ဖို့တော့ အစီစဉ်မရှိဘူးလို့ အလာဘာမား ပညာရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြောပါတယ်။
3 years Ago
Up