ယောက္ခမနှင့် သမက်

October 2, 2017

ယောက္ခမနှင့် သမက် စကားများရာမှ လူသတ်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရွာသစ်ရွာမှာ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီက ယောက္ခမနဲ့ သမက် စကားများရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီက တရွာတည်းနေ သားဖြစ်သူ ခင်မောင်လွင် ဘယ်ဘက်ရင်ဘတ် အောင့်တယ်ပြောပြီး အိမ်ပြန်ရောက်လာလို့ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ဘာဖြစ်လာတာလဲ မေးတော့ အတူနေ ယောက္ခမဖြစ်သူ ဦးလှဦးက သူ အရက်မူးလာတာကို ဆူပူကြိမ်းမောင်း ပြောဆိုနေတာကြောင့် ဒေါသထွက်ပြီး သတ္တိရှိရင်ထွက်ခဲ့လို့ စိန်ခေါ်ကို ဦးလှဦးက အနီးမှာရှိတဲ့ လုံးပတ် ၄ လက်မ အရှည် ၂ ပေ ၃ လက်မရှိတဲ့ တုတ်နဲ့ ပစ်လိုက်ရာ ဘယ်ဘက်ရင်ဘတ်ကို မှန်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာကနာပြီး အောင့်နေတယ်ပြောလို့ ယောက္ခမအိမ် မပြန်ခိုင်းဘဲ အိမ်မှာပဲ အိပ်ခိုင်းပြီး နောက်နေ့ရောက်တော့ မခံမရပ်နိုင်အောင် အောင့်လာတယ်ဆိုလို့ မိတ္ထီလာဆေးရုံ တင်လိုက်ပြီး အဲဒီဒဏ်ရာနဲ့ပဲ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီက ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ထွက်ဆိုချက်ပေး တရားလိုလုပ်ပြီး အမှုဖွင့်တယ်လို့ ရှမ်းမငယ်ရွာရဲစခန်းက ပြောပါတယ်။ စခန်းမှူး ရဲအုပ်ခင်မောင်စိုးက “စကားများရန်ဖြစ်ကြတာက စက်တင်ဘာ ၂၉ ရက် ည ၉ နာရီလောက်က ဖြစ်တယ်။ ဦးလှဦးက ရှားသားတုတ်နဲ့ သမက်ကို ပစ်လိုက်တာ။ ဘယ်ဘက်ရင်ဘတ်ကို မှန်တယ်။ အတွင်းဒဏ်ဖြစ်ပြီး မိတ္ထီလာဆေးရုံတက် ကုသတယ်။ အဲဒီမှာ ဒီနေ့ပဲ သေဆုံးတယ်။ အဲဒါကြောင့် ဦးလှဦးကို ဖမ်းပြီး အမှုဖွင့်တယ်”လို့ ပြောပါတယ်။ ရှမ်းမငယ်ရွာရဲစခန်းက ဦးလှဦးကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up