မျှော်မှန်းထားသည့် မြန်မာပိုက်ကျော်ခြင်းအသင်း

January 17, 2018

အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ မျှော်မှန်းထားသည့် မြန်မာပိုက်ကျော်ခြင်းအသင်း

လာမယ့် အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာပိုက်ကျော်ခြင်း အသင်းဟာ အမြင့်ဆုံး ရွှေတံဆိပ်ဆုတဆု အပါအဝင် တခြားပြိုင်ပွဲအမျိုးအစားတွေကနေ ဆုတံဆိပ်တွေ အားလုံးနီးပါးရရှိဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွဋ်ခိုင်နွယ်က ပြောပါတယ်။ သြဂုတ်လမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲကို မြန်မာပိုက်ကျော်ခြင်းအသင်းအနေနဲ့ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၆၀ ရာခိုင်နှုန်းကို ပြန်လည်ရွေးချယ် စေလွှတ်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ ကိုတာစနစ်အရ ပြိုင်ပွဲ ၃ မျိုးမှာ ၂ မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ၂ ယောက်တွဲ အသင်းလိုက်နဲ့ ၄ ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွေမှာ အမျိုးသားရော အမျိုးသမီးအသင်းပါ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အာရှအားကစားပြိုင်ပွဲ ဖြစ်လို့ ပိုက်ကျော်ခြင်း အားကစားနည်းမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံကနေ နိုင်ငံ ၂၀ ထိ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဓိကပြိုင်ဘက်အနေနဲ့ နာမည်ကြီး ထိုင်းအသင်း၊ အိမ်ရှင် အင်ဒိုနီးရှား၊ တိုးတက်လာတဲ့ ကိုရီးယား၊ မလေးရှား၊ အီရန်အသင်းတွေကို ယှဉ်ပြိုင်ရမယ်လို့ ဦးထွဋ်နွယ်ခိုင်က ဆိုပါတယ်။ အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၄ မျိုးသာ စေလွှတ်ယှဉ်ပြိုင်မယ်လို့ သိရပြီး ပိုက်ကျော်ခြင်း၊ ဝူရှူး၊ လှေလှော်၊ သေနတ်ပစ် အားကစားနည်းတွေကို စေလွှတ်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
4 years Ago
Up