ရာစုနှစ်ရဲ့မတူညီတဲ့ ပြိုင်ပွဲနှစ်ခုက ချန်ပီယံနှစ်ဦး ထိုးသတ်တဲ့ အကောင်းဆုံးပွဲမှာ မေဝယ်သာကပဲ မက်ဂရီဂေါကို ၁၀ ချီမြောက်မှာတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီးတော့ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
ဒီကနေ့ ယှဉ်ပြိုင်တဲ့ပွဲမှာ မေဝယ်သာ အနိုင်ရခဲ့တာကြောင့် သူ့ရဲ့လက်ဝှေ့သက်တမ်း နှစ် ၂၀ အတွင်း ပွဲ ၅၀ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
လက်မှတ်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၆၀၀၀ ကနေ ဒေါ်လာ ၁ သိန်းကျော်ထိ ဈေးပေါက်ခဲ့တဲ့ T-Mobile Arena ကွင်းကြီးမှာတော့ ကွင်းလုံးပြည့် လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး တကမ္ဘာလုံးက စောင့်ကြည့်သူ သန်းပေါင်းများစွာ ရှိခဲ့ပါတယ်။
ခန့်မှန်းခြေအနည်းဆုံး ၁ ဘီလီယံတန်ကြေးရှိတဲ့ ထိုးသတ်ပွဲမှာတော့ အကျိုးအမြတ်တွေ အကုန်လုံးကို မေဝယ်သာရဲ့ Money Team နဲ့ UFC ရဲ့ ဥက္ကဋ္ဌ ဒေနာဝှိုက်တို့အပြင် ထိုးသတ်သူ ၂ ဦးစလုံးရရှိမှာပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ မေဝယ်သာဟာ သူ့ထက် အသက် ၁၂ နှစ်ငယ်တဲ့ MMA ချန်ပီယံကို အသာအယာပဲ ထိုးသတ်ခဲ့ကာ ၁၀ ချီမြောက်မှာ မက်ဂရီဂေါရဲ့ မျက်နှာကို လက်သီးအချက်ပေါင်း ၁၀ ချက်ကျော်ထိုးနိုင်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာပါ။
ဒိုင်အမှတ်ပေးပုံစံအရဆိုရင်လည်း ပထမ ၃ ချီမှာသာ မက်ဂရီဂေါက ၁၀ မှတ်ရခဲ့ပြီးတော့ ကျန်အချီတွေမှာတော့ မေဝဲသာက ၁၀ မှတ် ဂရီဂေါက ၉ မှတ်သာရခဲ့ပါတယ်။
မက်ဂရီဂေါဟာ အင်အားပြည့် မထိုးသတ်နိုင်ခဲ့ဘဲ MMA ထိုးနည်းကိုသာ အားသန်နေခဲ့တဲ့အတွက် မေဝဲသာအတွက် အနိုင်ယူဖို့ ပိုမိုလွယ်ကူသွားခဲ့တာပါ။
5 years Ago