မှော်ယောကြီး ဆင်စခန်းသို့ ခရီးသည်

December 20, 2017

မှော်ယောကြီး ဆင်စခန်းသို့ ခရီးသည် ဝင်ရောက်မှု ယခင်နှစ်ထက် ကျဆင်းလာ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/၄) အနားမှာ ဖွင့်လှစ်ထားတဲ့ မှော်ယောကြီး ဆင်စခန်းဟာ အခုနှစ် ပွင့်လင်းရာသီမှာ အရင်နှစ်ကထက် ခရီးသည် ဝင်ထွက်မှု လျော့ကျသွားတယ်လို့ သိရပါတယ်။ မှော်ယောကြီး ဆင်စခန်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅/၄ ရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ သြဂုတ်လ ၁၂ ရက် ၂၀၁၆ ရက်နေ့ ကမ္ဘာ့ဆင်များနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုလို ခရီးသည် ဝင်ထွက်မှု လျော့ကျသွားတာဟာ လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်နိုင်တယ်လို့ ဆင်စခန်းတာဝန်ရှိသူတဦး ပြောပါတယ်။ “မိုးတွင်းပိုင်းဆို အသွားအလာ ပိုခက်တယ်။ အဲဒီအတွက်ကြောင့် ဆင်တွေနဲ့ ကြိုပေး တယ်။ အခု ပွင့်လင်းရာသီ ရောက်လာပြီ။ ဒါပေမယ့် ခရီးသည် ဝင်ထွက်မှုက မနှစ်ကထက်ကို နည်းလာတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့်ပဲ ဖြစ်မယ်။ ပြည်ပခရီး သွားလာတာလည်း နည်းတယ် ဒီနှစ်။ လမ်းက အထဲကို ဝင်ရတာရယ်၊ ပြီးတော့ မြေသားလမ်း ဖြစ်နေတာရယ်ကြောင့်ပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါဆင်စခန်းကို အရင်နှစ်တွေမှာ ရန်ကုန်နဲ့ တခြားမြို့တွေက လာရောက် လည်ပတ် ကြပြီး နိုင်ငံခြား ခရီးသွားတွေလည်း လာရောက်လည်ပတ်မှုများရှိပြီး ရုံးပိတ်ရက်တွေမှာ တနေ့ ခရီးသွား ၈၀ မှ ၁၀၀ ပျမ်းမျှ ဝင်ထွက်သွားလာမှု ရှိရမှာ အခုနှစ်မှာ ပျမ်းမျှ တနေ့ ၁၀ ဦး လောက်သာ လာရောက်လည်ပတ်မှုရှိတယ်လို့ ဆိုပါတယ်။ အဆိုပါဆင်စခန်းသို့ လာရောက်လည်ပတ်သူတစ်ဦးက "လာမယ်ဆိုတော့ ပထမ ကားဝင်လို့ မရမှာ အဲ့ဒါတွေ ထည့်တွက်ရတယ်လေ။ ပြီးတော့ အတွင်းကို တော်တော်ဝင်ရတော့ နယ်စိမ်းတော့ ကြောက်တာလည်း ပါတယ်။ လူများများနဲ့မှပဲ လာဖြစ်တယ်။ ဆင်စခန်းကတော့ ဝန်ဆောင်မှုကောင်းပါတယ်။ ဆင်စီးရတာလည်း ပျော်တယ်။ ယူထားတဲ့ဈေးတွေကလည်း သင့်တယ်"လို့ ပြောပါတယ်။ အဆိုပါဆင်စခန်းကို ပဲခူးမြောက်သစ်ထုတ်ရေးမှ ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဆင်အစီးရေ ၂၄ ကောင်ရှိကာ လက်ရှိ ဝင်ဆင် ၁၂ မှာ ဝန်ဆောင်မှု ပေးနေပြီ ဆင်စခန်းဝင်ကြေး အဖြစ် ပြည်တွင်ခရီးသွား တဦးကို ၁၀၀၀ ကျပ်ကောက်ခံပြီး ဆင်တခါစီး တယောက် ၅၀၀၀ ကောက်ခံကြောင်း၊ ပြည်ပခရီးသွား တဦးကို ၂ သောင်းကျပ် ဝင်ကြေးကောက်ခံပြီး ဆင်စီးပါက တဦး ၂ သောင်းကျပ် ကောက်ခံကြောင်း သိရပါတယ်။ သတင်း - ကျော်အောင်( ကညွှတ်ကွင်း)
4 years Ago
Up