ချီလီနိုင်ငံကနေ မှောင်ခိုပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်ကားတစီးကို ဘိုလီးဗီးယား အကောက်ခွန်အရာရှိတွေက တားဆီးထားစဉ် ဒေသခံတွေက လုယက်မီးရှို့မှုတခု ဖြစ်ခဲ့ပါတယ်။
ဘိုလီးဗီးယားနိုင်ငံ ကာရာကိုလိုမြို့မှာ သြဂုတ် ၁၄ ရက်နေ့က မှောင်ခိုပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစီးကို ဘိုလီးဗီးယား အကောက်ခွန်အရာရှိတွေက တားဆီးခဲ့တာပါ။
အဲဒီနောက်မှာ ဒေသခံတွေက ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို လုယူပြီး ကားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဘိုလီးဗီးယား အရာရှိတွေရဲ့ ပြောပြချက်အရ အဲဒီကားဟာ ချီလီနိုင်ငံကနေ ဘိုလီးဗီးယားနိုင်ငံထဲကို အဝတ်အစားတွေ မှောင်ခိုသယ်ဆောင်လာတာလို့ ပြောပါတယ်။
အကောက်ခွန် အရာရှိတွေက ကားကို တားဆီးထားစဉ်မှာ ဒေသခံလူတစုက အကောက်ခွန်အရာရှိတွေကို တိုက်ခိုက်ပြီး ကားပေါ်က ပစ္စည်းတွေကို လုယက်ယူဆောင်ကြတယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာ ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို ကားမောင်းလာသူက မီးရှို့ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးသတ်သမားတွေ အချိန်မီ ရောက်မလာတာကြောင့် ကားကိုပါ မီးစွဲလောင်သွားခဲ့ပါတယ်။
ဘိုလီးဗီးယား အကောက်ခွန်အရာရှိတဦးက "ဒီလူတွေကို ကျနော်တို့က ကားနဲ့ ကုန်ပစ္စည်းတွေကို တရားနည်းလမ်းကျကျ ပြန်ပေးရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြနေတာပါ။ အဲဒါကို သူတို့က နားမလည်ဘဲ ကျနော်တို့ကို ခဲတွေနဲ့ပေါက်တယ်။ အဲဒါကိုမှ အားမရဘဲ ကုန်ပစ္စည်းတွေကိုပါ မီးရှို့ပစ်တယ်။ အဲဒီနောက်တော့ အခုမြင်တဲ့အတိုင်းပဲ ကားရော ပစ္စည်းတွေပါ မီးလောင်သွားတယ်" လို့ ပြောပါတယ်။
"ဒီမှောင်ခိုပစ္စည်းတွေပိုင်ရှင်က မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းနဲ့ ကားပေါ်ပစ်တင်ပြီး မီးရှို့လိုက်တာပါ။ ရဲတွေနဲ့ မီးသတ်တွေက နောက်မှ ရောက်လာတာလို့ ပြောပါတယ်။ ဒီ ကာရာကိုလိုမြို့ခံတချို့က မီးကို ဝိုင်းငြှိမ်းပေးကြတာပါ။ ဒါပေမယ့် ပစ္စည်းတွေကို လိုချင်တဲ့သူတချို့လည်း ရှိတယ်။ ရဲတွေ သူတို့အလုပ်သူတို့ လုပ်ကြတာကို လက်မခံချင်တဲ့သူတွေရှိတယ်" လို့ ပြောပါတယ်။
ချီလီဆိပ်ကမ်းတွေကနေ ကုန်တွင်းပိုင်း အန်းဒီးစ်တောင်တန်းပေါ်က နိုင်ငံကို မှောင်ခိုတင်သွင်းမှုတွေ အရမ်းများတာကြောင့် ချီလီနဲ့ ဘိုလီးဗီးယား ၂ နိုင်ငံ နယ်စပ်တလျှောက် မှောင်ခိုတိုက်ဖျက်ရေးစခန်း နေရာပေါင်း ၁၂၀ အထိ သတ်မှတ်ထားရတယ်လို့ သိရပါတယ်။
5 years Ago