မှောင်ခိုခိုးထုတ်ခံနေရ

April 25, 2019

ဒေါ်လာဘီလျံချီ တန်ဖိုးရှိ အာဖရိကရွှေများ ယူအေအီးမှတဆင့် မှောင်ခိုခိုးထုတ်ခံနေရ

နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလျံချီ တန်ဖိုးရှိတဲ့ အာဖရိကတိုက်က ရွှေတွေဟာ ယူအေအီးနိုင်ငံကတဆင့် ဥရောပ ရွှေဈေးကွက်တွေဆီ မှောင်ခို ခိုးထုတ်ခံနေရပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု  (ယူအေအီး) ဟာ ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ ဘီလျံ တန်ဖိုးရှိတဲ့ စုစုပေါင်း ရွှေအလေးချိန် ၄၄၆ တန်ကို အာဖရိက ကနေ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် ကိန်းကဏန်းတွေက ဖော်ပြပါတယ်။ ဒါဟာ ၂၀၀၆ ခုနှစ်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ဖိုးရှိတဲ့ ရွှေအလေးချိန် ၆၇ တန် တင်သွင်းတာထက် ၁၅ ဆနီးပါး မြင့်တက်ခဲ့တာပါ။ အရင်သတင်းထုတ်ပြန်ချက် လေ့လာချက်တွေမှာ အာဏာပိုင်တွေ ကြီးကြပ်တာမရှိတဲ့ အာဖရိကက တနိုင်တပိုင် မှောင်ခိုရွှေတူးတဲ့ လုပ်ငန်းတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ တနိုင်တပိုင် ရွှေတူးဖော်ခြင်းလို့ လူသိများတဲ့ အဲဒီလုပ်ငန်းဟာ ကမ္ဘာနဲ့အဝှမ်း ကြီးထွားလာနေပါတယ်။ အဲဒီလုပ်ငန်းဟာ သန်းပေါင်းများစွာသော အာဖရိကန် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို အထောက်အပံ့ပြုပြီး သမားရိုးကျ လုပ်ငန်းတွေကနေ ရနိုင်တဲ့ ဝင်ငွေထက် ပိုပြီး ရရှိစေပါတယ်။ ရွှေတူးဖော်သူနဲ့ ရွှေစပိုင်ရှင် စတက်ဖန် ရက်စ်တာဘေးလ်က “ဒီရွှေစလေးဟာ ကျေနာ် နဖူးကချွေး ခြေမ ကျအောင် ရှာထားတဲ့ လုပ်အားရလဒ်လေးပါ။ ရွှေစလေး ရလာပြီဆိုတာနဲ့ ကျနော်တို့ တာကွာမြို့ပေါ်တက်ပြီး သွားရောင်းကြတယ်။ အဲဒီမှာ ဝယ်လက်တွေရှိတယ်လေ။ ရွှေက တန်ဖိုးရှိတယ်ဗျ။ ရွှေစသေးသေးလေးတောင် ငွေအများကြီးရတယ်။ မိသားစုကို ကောင်းကောင်းထောက်ပံ့နိုင်တယ်” လို့ ပြောပါတယ်။ အဲဒီ မှောင်ခိုရွှေတူးလုပ်ငန်းတွေကနေ အာဖရိက ပြင်ပကို စုစုပေါင်း တန်ဖိုး ဘယ်လောက် ထွက်သွားသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပေမယ့် ရိုက်တာသတင်းဌာန ဆန်းစစ်ချက်ကတော့ ခန့်မှန်းပမာဏကို ဖော်ပြပေးပါတယ်။ ရွှေထွက်ရာနိုင်ငံတွေက အခွန်ဘဏ္ဍာ မရရှိဘဲ ဒီရွှေတွေဟာ အာဖရိကပြင်ပကို ထွက်သွားနေတာပါ။ ဒါ့အပြင် အဲဒီလို တရားမဝင် ရွှေတူးတဲ့ နည်းလမ်းတွေကနေ မြေကြီးနဲ့ မြစ်ချောင်းတွေဆီ ဓာတုပစ္စည်းတွေ စိမ့်ဝင်တတ်ပါတယ်။ အခုအခါ ဂါနာ၊ တန်ဇန်းနီးယားနဲ့ ဇမ်ဘီယာ စတဲ့ အာဖရိကနိုင်ငံ အစိုးရတွေက သူတို့နိုင်ငံတွင်းက ရွှေတွေကို ကျယ်ကျယ်ပြန့်ပြန့် မှောင်ခိုထုတ်လုပ်နေတာရှိပြီး တခါတလေ အဲဒီလုပ်ငန်းတွေကို ရာဇဝတ်ဂိုဏ်းတွေက လုပ်ဆောင်နေတယ်ဆိုပြီး ပြောကြပါတယ်။
2 years Ago
Up