မှောင်ခိုတင်ဆောင်လာသည့် နွားအကောင်

June 6, 2017

မှောင်ခိုတင်ဆောင်လာသည့် နွားအကောင်၂၄ကောင် ဂွမြို့နယ်တွင် ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ကျိန္တလီကြား စေတီကွင်းကျေးရွာအနီးမှာ မှောင်ခိုတင်ဆောင်လာတဲ့ နွားအကောင် ၂၄ ကောင်နဲ့ ကားနဲ့ နွားတင်ဆောင်လာတဲ့ လူနှစ်ဦးကို ကျိန္တလီရဲစခန်းက ဖမ်းဆီးရရှိခဲ့ပါတယ်။ ဇွန် ၆ ရက်နေ့ မနက် ၁ နာရီအချိန်က နွားတွေ တရားမဝင် တင်ဆောင်လာတယ်လို့ သတင်းရတာကြောင့် အခုလို ဖမ်းဆီးခဲ့တာပါ။ နွားအထီးအကောင် ၂၄ ကောင်နဲ့ တရားခံ ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ကျိန္တလီရဲစခန်းက စခန်းမှူးလွင်အောင်စန်းက ဒီဗွီဘီကို ပြောပါတယ်။ “မနက် ၁ နာရီအချိန်လောက်မှာ ကားနဲ့တင်ဆောင်လာလို့ သတင်းရပါတယ်။ အဲဒီမှာ စေတီကွေ့ကျေးရွာအနားမှာ ဖမ်းမိတာပါ။ နွားက အကုန် ၂၄ ကောင်၊ အကုန် အထီးတွေပေါ့။ နွားတွေကို ကားပေါ်မှာ တင်ဆောင်လာတာပေါ့။ တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ လူ ၂ ဦးကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။” နွားတွေကို ကားနဲ့တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ ယာဉ်မောင်းနိုင်လင်း (အသက်၃၂ နှစ်)၊ ယာဉ်နောက်လိုက် ရန်ချမ်းအောင် (အသက်၃၂ နှစ်)တို့ကို ကျိန္တလီရဲစခန်း (ပ)၉/၂၀၁၇ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်နေတယ်လို့ စခန်းမှူးက ဆက်လက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ မိုးကျေးရွာအုပ်စု၊ မိုးကျောက်ကြီးကွင်းရဲ့ အနောက် ၁ မိုင် ပတ်ဝန်းကျင်မှာ တဖက်နိုင်ငံပို့မယ့် နွားအထီး ၁၄၂ ကောင်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် သံတွဲမြို့နယ်၊ လှေကြီးဂျိုင်ရွာနဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ပင်လယ်ထဲမှာ မေလ ၁၁ ရက် က နွားတွေ သယ်ဆောင်လာတဲ့ စက်လှေတစီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး နွားအသေကောင် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို ၊ ဓာတ်ပုံ- ကျော်မြင့်မောင်
4 years Ago
Up