မွေးပြီး

December 2, 2017

မွေးပြီး နာရီပိုင်းအတွင်း ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရသည့် သနားစဖွယ်ကလေးငယ်(ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တဦးဟာ မွေးပြီးပြီးချင်း နာရီပိုင်းအတွင်းမှာပဲ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခံခဲ့ရတယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ပြပါတယ်။ အဆိုပါကလေးငယ်ဟာ ယောက်ျားလေးဖြစ်ကာ သူ့ကို ဈေးဝယ်ပလတ်စတစ် အိတ်တအိတ်ထဲမှာထည့်ပြီး ဆိုက်ကားတစီးပေါ်မှာ စွန့်ပစ်သွားခဲ့တာလို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာပဲ ကလေးငယ်ရဲ့ ငိုသံကိုကြားရတဲ့ လူငယ်အုပ်စုတစုက တွေ့ရှိခဲ့ပြီးနောက်မှာတော့ ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသပြုစုစောင့်ရှောက်မှု ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်တွေ့ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ရှောင်ကေစီမန်းက သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီမှအပြန် ညအချိန်တနာရီလောက်မှာ ခုလိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “ဘယ်လို အသည်းနှလုံးမရှိသူက ခုလိုစွန့်ပစ်ရတာလဲ။ နောက်ဆက်တွဲအခြေအ နေတွေကို မစဉ်းစားပဲ လုပ်တဲ့ ရူးမိုက်တဲ့ အလုပ်ပဲ။ ဒါဟာ ကျနော့်ဘ၀မှာ ပထမဆုံးကြုံရတဲ့ မမေ့နိုင်စရာ အဖြစ်ပဲ။” ကလေးငယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သွေးစသွေးနတွေနဲ့ ရှိနေပြီး ချက်ကြိုး တန်းလန်းနဲ့ဖြစ်တာမို့ ဒါဟာ သိပ်မကြာခင် နာရီပိုင်းအတွင်းက စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ကယ်လူးကန်ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ တကယ်လို့များ ကလေးငယ်ကို တွေ့ရှိတဲ့အချိန်ဟာ ဒီ့ထက်ပိုနောက်ကျသွားမယ်ဆိုရင် အိတ်အတွင်းမှာ ခက်ခက်ခဲခဲ အသက်ရှူနေရတဲ့ အခြေအနေကနေ သေဆုံးသွားနိုင်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေပြီး ရဲတွေနဲ့ တာဝန်ရှိသူတွေဟာ ခုလိုစွန့်ပစ်သွားခဲ့တဲ့ မိဘအရင်းတွေကို စုံစမ်းရှာဖွေမှုတွေ ဆက် လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up