မွေးမြူရေးသမားများ စိုးရိမ်နေ

April 8, 2018

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ကြောင့် မွေးမြူရေးသမားများ စိုးရိမ်နေ

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး မချောမွေ့မှုကြောင့် အမေရိကန် ဝက်သားဈေးကွက် မသေချာဖြစ်နေလို့ မွေးမြူရေးသမားတွေ သူတို့ အနာဂတ်အတွက် စိုးရိမ်နေပါတယ်။ တရုတ်ဟာ အမေရိကန်ကို ဝက်သားတင်ပို့တဲ့ တတိယအကြီးဆုံး တင်သွင်းသူပါ။ ဒါပေမယ့် တရုတ်-အမေရိကန် ကုန်သွယ်ရေး ပဋိပက္ခကြောင့် ဝက်သားဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ ဝက်ကို အကြီးအကျယ် မွေးမြူထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ အီလွီနွိုက်မှာ ဝက်သားဈေး ကျဆင်းလို့ အသေးစားနဲ့ အလတ်စား မွေးမြူရေးသမားတွေဟာ ဝက်ကို ဆက်မွေး မမွေး စဉ်းစားနေရပါပြီ။ အမေရိကန်အစိုးရက တရုတ်နဲ့ကုန်သွယ်ရေး ပဋိပက္ခဖြစ်အောင် မီးမွှေးခဲ့လို့ ပြည်ပတင်ပို့မှု ဈေးကွက်ကို အားကိုးနေရတဲ့ အမေရိကန် နိုင်ငံသားတွေကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေတယ်လို့ ဝက်မွေးမြူရေးသမား တယောက်က ပြောပါတယ်။ ပြည်နယ်တွင်း ဝက်မွေးမြူရေးသမား အယောက် ၂ ထောင်ကျော်က သူတို့ရဲ့ အသက်မွေး ဝမ်းကြောင်း လုပ်ငန်း မထိခိုက်စေရေး ဖြစ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးပြီး ကုန်သွယ်ရေး ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတာပါ။ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ တန်ဖိုးရှိတဲ့ အမေရိကန်ထွက် ဝက်သား လေးပုံတပုံကို ၂၀၁၇ ခုနှစ်က ပြည်ပတင်ပို့ခဲ့တာပါ။ အမေရိကန် ဒေါ်လာ ၁ ဘီလျံဖိုး ဝက်သားတွေကိုတော့ တရုတ်နိုင်ငံကနေ ပြည်တွင်းကို တင်သွင်းခဲ့ပါတယ်။ လောလောဆယ်တော့ ချီကာဂို ကုန်သွယ်ရေး ဘုတ်အဖွဲ့ စာရင်းအင်းအရ ဝက်သားဈေး ဆက်လက် ကျဆင်းနေပါတယ်။
3 years Ago
Up