မွေးဖွားသူ

January 20, 2019

ဇန်နဝါရီနှင့်ဖေဖော်ဝါရီ မွေးဖွားသူအများစု အောင်မြင်သည့်ဘဝ ပိုင်ဆိုင်ရလေ့ရှိဟုဆို

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ မွေးဖွားခဲ့သူတွေဟာ သာမာန်အားဖြင့် အောင်မြင်ကျော်ကြားတဲ့ ဘဝကို ပိုင်ဆိုင်ရလေ့ရှိတယ်လို့ လေ့လာမှုတခုမှာ တွေ့ရှိခဲ့ကြောင်း Mirror သတင်းမှာ ဖော်ပြပါတယ်။ ဒီလေ့လာမှုကို လူမှုရေးသိပ္ပံဂျာနယ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဟောလီးဝုဒ်မှာအောင်မြင်နေတဲ့ ကြယ်ပွင့်အများစုဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့အတွင်း မွေးဖွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီလေ့လာမှုကို သုတေသီတွေက နိုင်ငံရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ၊ နာမည်ကျော်အားကစားသမားတွေ၊ အဆိုတော်၊ သရုပ်ဆောင်နဲ့ အရင်ခေတ်၊ အခုခေတ်တွေက နာမည်ကျော်ပုဂ္ဂိုလ်တွေကို အခြေခံကာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ လေ့လာမှုကို လူပုဂ္ဂိုလ် ၁၀၀၊ ၂၀၀ နဲ့ ၃၀၀ အထိ တစတစ တိုးမြှင့်ပြုလုပ်သွားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဘဝမှာ အောင်မြင်မှုရရှိသူအများစုဟာ ကုံရာသီဖွားတွေဖြစ်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သာမာန်အားဖြင့် ကုံရာသီဖွားတွေဟာ ဇွဲရှိတာ၊ စိတ်ကူးစိတ်သန်း ကောင်းမွန်တာနဲ့ အတွေးအခေါ် လွတ်လပ်တာ စတဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ဘဝနဲ့ အသက်မွေးမှုမှာ သူများတွေထက် ပိုမိုအောင်မြင်နေရတာက ဒီအချက်တွေနဲ့ ဆက်စပ်နိုင်ဖို့ ရှိပါတယ်။ လက်ရှိ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ဂျနီဖာအန်နစ္စတန်၊ အော်ပရာဝင်းဖရေးနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာလည်း ကုံရာသီဖွားတွေပဲဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလတွေမှာ မွေးဖွားသူတွေဟာ သူတို့ဘဝမှာ အောင်မြင်မှုကို ပိုမိုရရှိလေ့ရှိကြောင်း တွေ့ခဲ့ရတာ ဒီလေ့လာမှုမှာမှ မဟုတ်ပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ လေ့လာမှုတွေမှာလည်း ဆောင်းရာသီ မှာမွေးဖွားတဲ့ ကလေးတွေဟာ ကျောင်းက စာမေးပွဲတွေမှာ ပိုမိုအောင်မြင်လေ့ရှိတာကို တွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။ အရင်လေ့လာမှုတခုမှာ ဇန်နဝါရီလမွေးဖွားတဲ့ လူတွေဟာ ဆရာဝန်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတာတွေ့ခဲ့ရပြီး ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့ ကလေးတွေကတော့ တခြားလတွေမှာ မွေးဖွားခဲ့သူတွေထက် အနုပညာရှင်ဖြစ်ဖို့ ပိုပြီး ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီမှာ မွေးခဲ့သူတွေဟာ အမှုဆောင်အရာရှိချုပ်တွေအထိ ဖြစ်လေ့ရှိတာကိုလည်း အခြားလေ့လာမှုတခုမှာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ S&P ကုမ္ပဏီ ၅၀၀ ကို အခြေခံခဲ့တဲ့ လေ့လာမှုအရ ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိ ၁၀ ရာခိုင်နှုန်းဟာ ဇန်နဝါရီမှာ မွေးဖွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
3 years Ago
Up